တောင်ကိုရီးယားနဲ့ အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဓာတ်ငွေ့တူးဖော်မည်
2018.06.28
တောင်ကိုးရီးယား POSCO စွမ်းအင်ကုမ္ပဏီရဲ့ ယူနစ်ခွဲတခုဖြစ်တဲ့ POSCO Daewoo ဟာ အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ McDermott International Inc၊ Baker Hughes GE ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာ အမေရိကန်ဒေါ်လာ ၂၆၇ သန်း ရင်းနှီးမြှုပ်နှံမယ့် ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတခုကို အကျိုးတူဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။
အဲဒီသဘောတူညီမှုအရ ရင်းနှီးမြှုပ်နှံမှုရဲ့ ၅၁ ရာခိုင်နှုန်းကို POSCO Daewoo က ပိုင်ဆိုင်တယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
POSCO Daewoo ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းမှာ ၂ဝ၁၃ ခုနှစ်က ကိုရီးယားဝမ် ၁.၈ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့တဲ့ “ရွှေနဲ့မြ” သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကနေ ၃ဝဝ အထိ အမြတ်အစွန်း ရရှိခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂ဝ၁၃ ခုနှစ်ကစပြီး အနှစ် ၃ဝ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားတယ်လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
အခုနောက်ဆုံး ရင်းနှီးမြှုပ်နှံမှာကတော့ ရွှေဖြူ သဘာဝဓာတ်ငွေ့တွင်းကတဆင့် EPCIC လို့ခေါ်တဲ့ တပ်ဆင်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။
အမေရိကန် McDermott ကုမ္ပဏီက ဒီလုပ်ငန်းမှာ အဓိကကြီးကြပ်သူအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး Baker Hughes ကုမ္ပဏီကတော့ ဓာတ်ငွေ့စီမံကိန်း စတင်တဲ့အချိန်မှာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးမှာဖြစ်ပါတယ်။ POSCO Daewoo ကုမ္ပဏီကတော့ EPCIC လုပ်ငန်းအားလုံးကို ကြီးကြပ်ပြီး ဓာတ်ငွေ့တူးဖော်တဲ့ လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ပဉ္စမမြောက် ကမ္ဘာ့အကြီးဆုံး သံမဏိကုမ္ပဏီဖြစ်တဲ့ POSCO ကုမ္ပဏီဟာ သူ့ရဲ့လက်အောက်ခံ POSCO Daewoo ကုမ္ပဏီရဲ့ အစုရှယ်ရာ ၆၃ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။