၀န်ကြီးဌာန အချို့ငွေသုံးစွဲပုံ လွှတ်တော်ကော်မတီ စစ်မည်


2014.06.25

သာသနာရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနလေးခုရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက စတင်စစ်ဆေးနေပြီလို့ ကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်သုံးစွဲမှုကို တာဝန်ယူစစ်ဆေးမယ့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ရုံးအဖွဲ့မှုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခုလိုပြောပါတယ်။

"ကျနော်တို့ဆီမှာ ဒီဌာနတွေနဲ့ ပတ်သက်ပြီးတော့ ဘတ်ဂျက်တွေ တောင်းခံသွားတယ်၊ ဒီစာရင်းဇယားတွေဟာ လွှတ်တော်ကို နှစ်စဉ်ပေးပို့ထားတာဖြစ်ပါတယ်၊ နောက်တစ်ကြိမ်မှာတင်ပြမယ့် ဘတ်ဂျက်တွေကို လွဲချော်မှု မဖြစ်စေဖို့ရယ်၊ ကျနော်တို့ ခွင့်ပြုလိုက်တဲ့ ဘတ်ဂျက်တွေဟာ အမှန်တကယ် သုံးစွဲ၊ မသုံးစွဲ ဆိုတာကို တိတိကျကျ သိရှိဖော်ထုတ်နိုင်အောင်ဆိုတဲ့ အနေအထားနဲ့ ဆောင်ရွက်ကြတာဖြစ်ပါတယ်၊ အခုအခြေအနေကတော့ သတိထားလုပ်ရတဲ့သဘောမျိုး ဖြစ်လာတဲ့အတွက် ဂရုတစိုက်ဆောင်ရွက်မှုဟာ ပြောမယ်ဆိုရင် ဒါပထမဆုံး သတိထားလုပ်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်"

အဲဒီကော်မတီဟာ သာသနာရေး၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေရဲ့ နှစ်အလိုက် ဘက်ဂျက်ငွေသုံးစွဲမှု စာရင်းတွေကို စိစစ်ရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖံ့ွဖြိုးတိုးတက်မှု ကော်မတီမှာ အဖွဲ့ငယ်တွေခွဲပြီး အဲ့ဒီဝန်ကြီးဌာန ၄ ခုကို အဖွဲ့လိုက်စိစစ်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ငွေကြေးအလွဲသုံးစားမှုနဲ့ ရမည်းသင်း အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။