နောင်ချိုုက CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာသေဆုံး

2023.07.07
နောင်ချိုုက CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာသေဆုံး စစ်ကြောရေးမှာသေဆုံးသွားခဲ့သည့် ဦးဌေးလင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းဟာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဇူလိုင်လ ၇ ရက်မှာ RFA ကိုပြောပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဌေးလင်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစလို့ CDM မှာပါဝင်ခဲ့ပြီး ၂၀၂၂ မတ်လ ၈ ရက် နေ့လယ်တစ်နာရီအချိန်မှာ ကျောက်မဲမြို့ အထွက်လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးကတည်းက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မှမရခဲ့ဘဲ တစ်နှစ်ကျော် အကြာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ညပိုင်းကမှ သူသေဆုံးသွားတာကို ခိုင်လုံတဲ့ သတင်းရင်းမြစ်တစ်ခုကနေ စုံစမ်းသိရှိခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သူအဖမ်းခံရပြီး တစ်နှစ်ပြည့်တဲ့နေ့မှာတောင် ထပ်ပြီးစုံစမ်းသေးတယ်ပေါ့နော်။ ICRC လို အဖွဲ့အစည်းတွေကိုလည်း စာပို့တာရှိတယ်။ ဘာသတင်းမှ မရဘူးပေါ့နော်။ စုံစမ်းရင်းနဲ့ ပြီခဲ့တဲ့ ၁ ရက်နေ့ကမှ သူဆုံးသွားတာ သိရတာ။ အဖမ်းခံရပြီး ခြောက်ရက်မြောက်နေ့မှာပဲ စစ်ကြောရေးမှာပဲ သေဆုံးသွားတာ။ ဘယ်ဌာနဆိုင်ရာက မှလည်း အကြောင်းကြားတာမျိုးမရှိဘူး။ အပြင်ကနေ စုံစမ်းမှသိရတာ။ အခုတော့ သူမိသားစုဝင်တွေက ဒီနေ့ နှစ်လည် ဆွမ်းကပ်တာတွေ လုပ်ပေးနေတယ်"

ဖမ်းဆီးခံရတဲ့နေရာဟာ ကျောက်မဲခရိုင်အတွင်းမှာဖြစ်တာကြောင့် သူ့ကိုစစ်ဆေးခဲ့တဲ့ နေရာဟာ ကျောက်မဲခရိုင်အတွင်းမှာပဲ ဖြစ်နိုင်တယ်လို့ မိသာစုနဲ့နီးစပ်သူတွေက ယူဆကြနေကြတာပါ။ ဒါပေမဲ့ ဘယ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဘယ်လိုသင်္ဂြိုဟ် လိုက်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့တုံ့ပြန်မှုကို ရနိုင်ဖို့ ရှမ်းပြည်နယ်စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရပါဘူး။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကြောရေးမှာဖြစ်စေ၊ ထောင်အတွင်းမှာဖြစ်စေ၊ စစ်တန်းလျားမှာဖြစ်စေ၊ ပြင်ပတစ်နေရာမှာဖြစ်စေ ဖမ်းဆီးထိန်းသိမ်းခံထားရချိန် သတ်ဖြတ်ခံရသူဟာ ၁,၂၈၄ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းခံထားရချိန်အတွင်း သေဆုံးသူတွေထဲမှာ လွှတ်တော်အမတ်တွေ၊ သတင်းသမားတွေနဲ့ နိုင်ငံရေးသမားတွေအပြင် သာမန်ပြည်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

AAPP ရဲ့ ဇူလိုင်လ ၆ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း သတ်ဖြတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၃၇၅၀ ဦးအထိ ရှိခဲ့ပြီး ၁၉,၃၈၃ ဦးက ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။