ကချင်မှာ ဖုန်းနဲ့ အင်တာနက် ပြတ်တောက်မှု သုံးရက်ရှိလာ

RFA Burmese
2024.07.23
ကချင်မှာ ဖုန်းနဲ့ အင်တာနက် ပြတ်တောက်မှု သုံးရက်ရှိလာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Mytel ရုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဇူလိုင်လ ၂၃ ရက် ဒီနေ့အထိ လိုင်းတွေပြန်မရသေးပါဘူး။

ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောာက်နေတာဟာ နည်းပညာ ပြဿနာကြောင့်ဖြစ်ပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်က RFA ကို ပြောပါတယ်။

“Technical (နည်းပညာ) ပြဿနာပါ။ ပြန်တော့ကောင်းမှာပါ ကျွန်တော်တို့ ရအောင်တော့လုပ်မှာပါ။ နည်းပညာနဲ့ ပတ်သက်နဲ့ကိစ္စတွေရယ် အဲထဲမှာနည်းနည်းသွားရလာရတာ အခက်အခဲရှိတယ်ဆိုရင်တော့ နည်းနည်းဟိုဟာဖြစ်တာပေါ့လေ။ ဒါပေမဲ့ ပြင်စရာရှိတာပြင်မှာ လုပ်စရာရှိတာတော့လုပ်နေမှာပါ အချိန်ကတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့လေ။ အသေးစိတ်တော့ ကျနော်လည်း ပြောလို့မရသေးလို့ပါ”

ရန်ကုန်ကိုမြို့ကို ရောက်နေတဲ့ ကချင်ပြည်နယ်က ဒေသခံတစ်ဦးကလည်း ဇူလိုင် ၂၁ နေ့ကတည်းက မိသားစုနဲ့ ဆက်သွယ်လို့မရတော့ဘူးလို့ ပြောပါတယ်။

“အိမ်နဲ့ဆက်သွယ်လို့မရတာ ၃ ရက်ရှိလာပြီ။ အဲမှာဘာတွေဖြစ်နေလဲလို့ စိတ်ပူနေတာ။ ပိုက်ဆံလွှဲပေးဖို့တွေလည်းရှိနေတာ အခုလွှဲပေးလို့ မရဘူးဖြစ်နေတယ်”

ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနားမြို့ MPT ဆက်သွယ်ရေး အော်ပရေတာရုံးအနီးမှာ MPT ဖုန်းလိုင်းအနည်းငယ် ပြန်ရလာတာရှိပေမဲ့ လိုင်းမကောင်းဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၈ ခုရှိပြီး လူဦးရေ တစ်သန်းကျော် နေထိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနိုင်တဲ့အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ ဇူလိုင် ၂၂ အထိ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အင်တာနက် ဖြတ်တောက်ထားတဲ့နေရာ ၂၄၉ ခုအထိ ရှိပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အင်တာနက်ဖြတ်ခံရတဲ့နေရာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ်နဲ့ တတိယကတော့ ချင်းပြည်နယ်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။