နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနား ပြည်တွင်းပြည်ပမှာ ကျင်းပ
2013.03.08

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ပေးဖို့ အမျိုးသမီးများအရေး ဆောင်ရွက်နေတဲ့ Women's Glaxy အဖွဲ့နဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့ Generation Youth's အဖွဲ့တွေ ပူးပေါင်းပြီး တောင်းဆိုချက် ၄ ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်း အင်းယားကန်ဘောင်မှာ ဒီကနေ့ ညနေပိုင်းကကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ တောင်းဆိုခဲ့တာပါ။
အဲဒီကြေညာချက်ထဲမှာ လက်ပန်းတောင်းတောင် စီမံကိန်းဖျက်သိမ်းပေးရေးနဲ့ မအူပင်မြို့နယ်မှာ လယ်ယာမြေ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ အမျိုးသမီးတွေကို ရက်စက်စွာ အကြမ်းဖက်ဖြိုခွဲမှုတွေဟာ အမျိုးသမီးရပိုင်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ဖျက်သိမ်းရေး သဘောတူစာချုပ် (CEDAW) ပြဌာန်းချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်မြင့်တင်ပေးဖို့နဲ့ ဒီနေ့မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အလားတူ အခမ်းအနားကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း အမျိုးသမီးတွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်းအင်အား ၂၀၀ လောက်က အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ မဲဆောက်မြို့တွေမှာလည်း အမျိုးသမီးထုတွေနဲ့အတူ အမျိုးသားတွေဟာလည်း အမျိုးသမီးအခွင့်အရေး ကာကွယ်မြှင့်တင်ပေးဖို့တောင်းဆိုတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး ဒီကနေ့ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။