မြန်မာအမျိုးသမီးတွေကိုလက်ထပ်ဖို့ တရုတ်ပြည်ဘက်ကခေါ်စာများ မူဆယ်မှာတွေ့ရ


2018.12.10
muse-downtown-622.jpg မူဆယ်မြို့မြင်ကွင်း။
Photo: Kan Thar/ RFA

တရုတ်နိုင်ငံသားတွေအတွက် သတိုးသမီးအလိုရှိသည်၊ အငှားကိုယ်ဝန်ဆောင် အမျိုးသမီး အလိုရှိသည်ဆိုပြီး မြန်မာ-တရုတ် နှစ်ဘာသာနဲ့ရေးသားထားတဲ့ ကြော်ငြာတွေကို အခုရက်ပိုင်းအတွင်း တရုတ်မြန်မာနယ်စပ် မူဆယ်မြို့က ဓာတ်တိုင်တွေနဲ့ နံရံတွေမှာ ကပ်ထားတာ တွေ့ရတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

အိမ်ထောင်ပြုရန်ဖိတ်ခေါ်စာဆိုတဲ့ ကြော်ငြာမှာ… အမျိုးသားဟာ တရုတ်နိုင်ငံသားဖြစ်ပြီး လစဉ်ဝင်ငွေ၊ အရပ်အမောင်းနဲ့၊ နေထိုင်ရာဒေသ အခြေအနေတွေကို ရေးသားထားပြီး၊ မြန်မာနိုင်ငံဘက်က အသက်၂၆ နှစ်နဲ့ ၃၂ နှစ်အကြား အမျိုးသမီးအိမ်ထောင်ဘက် အလိုရှိသည်လို့ ရေးထားပါတယ်။ ကြော်ငြာမှာ အချက်အလက်ဆွေးနွေးဖို့ တယ်လီဖုန်းနံပတ် ပေးထားပြီး တရုတ်ဘာသာနဲ့ ဆက်သွယ်ဆွေးနွေးနိုင်တယ်လို့ ရေးထားပါတယ်။

အလားတူပဲ အငှားကိုယ်ဝန်ဆောင်လုပ်သား ကြော်ငြာမှာလည်း… အသက် ၃၅ နှစ်အောက် အမျိုးသမီးအနေနဲ့ ၁ဝ လ ကိုယ်ဝန်ဆောင်ပေးဖို့နဲ့၊ တလကို ယွမ်ငွေ ၁ သောင်း ၃ ထောင်နဲ့ နေထိုင်စားသောက်ဖို့ စီစဉ်ပေးမယ်ဆိုပြီး ကုမ္ပဏီတခုက ကြော်ငြာထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ  အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်က သုတေသနပြုလုပ်တဲ့ စာတမ်းတစောင်မှာ… မြန်မာနိုင်ငံ စစ်ဘေးသင့်ဒေသတွေက အမျိုးသမီး ၇၅ဝဝ လောက် တရုတ်ပြည်မှာ အိမ်ထောင်ပြုဖို့ လှည့်ဖြားရောင်းစားခံခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။