အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု ၅၉ မှုရှိကြောင်း BWU ထုတ်ပြန်
2023.06.17

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၅၉ မှု ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇွန်လ ၁၇ ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ မှတ်တမ်းဌာန တာဝန်ရှိသူ မတိုးတိုးက ...“ဒီလိုမျိုး နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလမှာ ပိုပြီးတော့မှ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခြအနေတွေကို မီးမောင်းထိုးပြချင်တာလည်း ဖြစ်တယ်ပေါ့။ အမျိုးသမီးတွေကို ပဋိပက္ခတွေမှာ ပစ်မှတ်လိုထားပြီး လုပ်နေတဲ့ လိင်အကြမ်းဖက်မှုတွေပပျောက်သွားဖို့လည်း ရည်ရွယ်တယ်ပေါ့နော်"
"နိုင်ငံရေးမတည်ငြိမ်မှုနှင့် အမျိုးသမီးများရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ"အစီရင်ခံစာမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှု ၂၃ မှု နဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆ မှု စုစုပေါင်း ၅၉ မှု ရှိတယ်လို့ ရေးသားထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ကယား၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုကို အခြေခံပြီး သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်းအချက်အလက်အပြင် ဒေသခံတွေနဲ့တွေ့ဆုံပြီး မှတ်တမ်းကောက်ယူထားတာပါ။
စစ်တပ်အပြင် တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားအချင်းချင်း ကျူးလွန်တာတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။
လိင်အကြမ်းဖက်မှုကို စစ်တပ်က စစ်ကြောရေးမှာစစ်ဆေးတဲ့အခါ နည်းလမ်းတစ်ခုအနေနဲ့အသုံးပြုသလို စစ်ဖြစ်ပွားရာ ပဋိပက္ခဒေသတွေမှာ လက်နက်သဖွယ် အဓိကကျူးလွန်နေတဲ့အကြောင်းလည်း ဖော်ပြပါရှိပါတယ်။
ဒီလိုနိုင်ငံရေးမတည်ငြိမ်ချိန်မှာ ကျူးလွန်ထားတဲ့ လိင်အကြမ်းဖက်မှုတွေကို ပပျောက်မသွားဘဲ သက်သေတွေအဖြစ် စုဆောင်းထားသလို အရေးယူဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံကို အကြံပေးတိုက်တွန်းထားပါတယ်။