ထိုင်းရဲတပ်ကြပ် မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး ကော့သောင်းမြို့ကို ပြန်ရောက်ရှိ
2021.09.19
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းမှာ ထိုင်းရဲတပ်ကြပ်တစ်ဦးရဲ့ မုဒိန်းကျင့်တာခံရတဲ့ မြန်မာမိန်းကလေးကို စက်တင်ဘာလ ၁၇ ရက်နေ့က ကော့သောင်းမြို့ကို ပြန်ပို့လိုက်ပါတယ်။ ဘူဖတ် ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲအရာရှိ တစ်ဦးက အဓမ္မ ပြုကျင့်ခံရမှုမှာ တရားရုံးမှာ စစ်ချက်တွေယူပြီး ကော့သောင်းကို ပြန်ပို့လိုက်တာလို့ အမှုကို လိုက်ပါ ကူညီပေးနေတဲ့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“အားလုံး စစ်ဆေးပြီးသွားတဲ့အခါကြတော့ ကလေးမလေးကတော့ သူ့မြို့ဖြစ်တဲ့ ကော့သောင်းကို ပြန်သွားပါပြီ။ သူ့ကို ကယ်ဆယ်ရေးစခန်းမှာ ထားနေသေးတယ်။ သူကပြောတာ ပြန်ချင်တယ်၊ မနေ့က ရနောင်းသံအရာရှိ ကြီးကြပ်ပြီး ပို့ပေးလိုက်ပြီ”
မုဒိန်းကျင့်တဲ့ ထိုင်းရဲတပ်ကြပ်ကို ပုဒ်မ ၁၇၇၊ ၁၆၇၊ ၂၀၄ တို့နဲ့ ဆူရတ်ဌာနေရှိ နခွန်စီထာမရတ် အထူး တရားရုံးမှာ တရားစွဲဆိုဖို့ တင်ပို့နိုင်ခဲ့တယ်လို့ အမှုလိုက်ပါကူညီပေးနေတဲ့ မြန်မာအလုပ်သမား သံအရာရှိ ဦးထက်ဝေဖြိုးရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
အသက် ၂၁ နှစ်အရွယ် အဲဒီမြန်မာအမျိုးသမီးဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ် နှစ်နှစ်နဲ့ ကိုးလ ကျခံပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ရက်စေ့လို့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနကနေ ဘူဖတ်ရဲစခန်းမှာ ခေတ္တပို့ထားချိန်မှာ ထိုင်းရဲတပ်ကြပ်ရဲ့ အဓမ္မပြုခံရတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ မြန်မာသံအရာရှိတို့ တွေ့ဆုံပြီး အဲဒီမြန်မာမိန်းကလေးကို ဘူဖတ်ရဲစခန်းကနေ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ ထိုင်းတပ်ကြပ်ဟာ ဒီအမှုအတွက် ထိုင်းဘတ်ငွေ လေးသိန်းနဲ့ အာမခံရပြီးတရားရင်ဆိုင်နေရပါတယ်။ ဘန်ကောက်မြို့ မြန်မာသံရုံးက နစ်နာသူ မြန်မာအမျိုးသမီး ဘက်ကနေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။