ပန်းတနော် အက်ဆစ်ပက်တိုက်ခိုက်မှု ငါးလကြာမှ အမှုဖွင့်ခွင့်ရ
2020.03.20
လွန်ခဲ့တဲ့ ငါးလက ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ အမည်မသိ လူ နှစ်ဦးက အက်ဆစ်ပက် အတိုက်အခိုက်ခံရမှု အတွက် အတိုက်ခံခဲ့ရတဲ့ အမျိုးသမီးက ပန်းတနော်ရဲစခန်းမှာ မနေ့က အမှုဖွင့်ခွင့်ရသွားပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ အက်ဆစ်ပက် တိုက်ခိုက်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်းဟာ ဒီတိုက်ခိုက်မှုအတွက် အမှု လေးခုကို မတ်လ ၁၉ ရက် မနေ့က ပန်းတနော် ရဲစခန်းမှာ အမှုဖွင့်ရာမှာ ရဲတပ်ဖွဲ့က အမှုတွေ လက်ခံလိုက် ပါတယ်။ ဒါဟာ တိုက်ခိုက်ခံရအပြီး ငါးလနီးပါးအကြာမှာမှ တရားဥပဒေအရ အမှုဖွင့်ခွင့်ရတာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ အရပ်သား နှစ်ယောက်ကို အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေနဲ့ အရေးယူပေးဖို့ အမှုမှာ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ပန်းတနော်ရဲစခန်းက ရဲဝန်ထမ်း နှစ်ဦးကိုတော့ လောင်းကစား အားပေးမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေ ဖွင့်ခဲ့တယ်လို့ သူက ပြောပါတယ်။
“မြို့နယ်မှူးနဲ့ စခန်းမှူးက အမှုဖွင့်တဲ့သံသယရှိတဲ့ လေးဦးကို၊ ရဲကိုနှစ်ဦး အရပ်သားကို နှစ်ဦး ခွဲဖွင့်မယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ ကျွန်မက လက်သင့်မခံပါဘူး၊ ဒီလေးဦးစလုံးကို သံသယရှိတဲ့အတွက် ဒီလေးဦးစလုံးကို ဖွင့်တာဆိုပြီးတော့ ကျွန်မက အတိုက်အခံပြောပါတယ်၊ ပြောတဲ့အချိန်မှာတော့ တော်တော်တော့ အတိုက်အခံ ပြောယူရပါတယ်၊ အတိုက်အခံပြောမှ သူတို့က ဖွင့်ပေးပါတယ်၊ အခုလောလောဆယ် ၄၅၁ ရယ်၊ ဒီလောင်း ကစားကို အားပေးမှုပေ့ါနော်၊ ၁၁၄ ရယ်၊ ပြီးတော့ ခြိမ်းခြောက်တာ ၅၀၆၊ ဆဲတာ ၂၉၄ ပုဒ်မလေးခုပေါ့နော်၊ ဟုတ် အဲဒီပုဒ်မလေးခုနဲ့ အမှုဖွင့်ပြီးတော့ အဆင်ပြေသွားပါတယ်”
ရဲစခန်းသွားပြီး အမှုဖွင့်ရာမှာ ပန်းတနော်မြို့ လူမှုဝန်ထမ်းဌာန တာဝန်ရှိသူတစ်ယောက်က လိုက်ပြီးကူညီပေး တယ်လို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။
အမှုဖွင့်ပေးလိုက်တဲ့ကိစ္စနဲ့ အရင်က စုံစမ်းဖော်ထုတ်မှုအခြေအနေကိုသိရဖို့ ပန်းတနော် မြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးအောင်ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း ဒီနေ့အချိန်အထိ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်ခံရမှုအတွက် အကူညီပေးဖို့ နိုင်ငံတော်သမ္မတရုံးကိုလည်း ပေးပို့တိုင်ကြားခဲ့ပြီး သမ္မတရုံးကလည်း စာကို ဇန်နဝါရီလ ၂၁ ရက်မှာ လက်ခံရရှိကြောင်း၊ လိုအပ်သလို စိစစ်ဆောင်ရွက်သွားမယ့်အကြောင်း ကာယကံရှင်ကို မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။ အဲဒီပြန်စာကို မတ်လ ၁၇ ရက်နေ့ညမှာ လက်ခံရရှိတယ်လို့ မလဲ့လဲ့ဝင်းက ပြောပါတယ်။
“အမှုမှန်ပေါ်မယ်လို့တော့ ကျွန်မယုံကြည်ပါတယ်၊ အမှုမှန်မြန်မြန်ပေါ်မယ်လို့ ထင်တယ်ဆိုတာ ရဲကသာ တကယ်တမ်းအလုပ်လုပ်ပြီးတော့ ဥပဒေအရာရှိကို တင်မယ်ဆိုရင် ဥပဒေရုံးကလည်း အမြန်တင်တယ်၊ တရားရုံးကို တရားသူကြီးကလည်း အမြန်စစ်ပေးမှာပါ၊ အခုလို မျက်ကန်းဘဝနဲ့ ဒီလိုမျိုးရုပ်ကို သူတွေ့လိုက် တော့ တရားသူကြီးကလည်း တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်၊ အမှန်တရားကိုပေါ်စေရမယ် ဒီအမှုကို မြန်မြန်စစ်ပေးမယ်လို့ ပြောလိုက်ပါတယ်”
မလဲ့လဲ့ဝင်းက အမှုမှန် ပေါ်ပေါက်ရေးအတွက် မြို့နယ်တရားသူကြီးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အက်ဆစ် ပက် တိုက်ခိုက်ခံရပြီး အမှုဖွင့်ပြီး ဥပဒေကြောင်းအရာ အကာကွယ်ယူခွင့်မရဘဲ နစ်နာနေရတဲ့ မလဲ့လဲ့ဝင်းရဲ့ အကြောင်းကို ပြီးခဲ့တဲ့ အပတ်တွေက RFA က ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက RFA ရဲ့ ရုပ်သံသတင်းကို ကြည့်ပြီးနောက် အမှုမှန် အမြန်ဆုံးပေါ်အောင် ကူညီနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံ မတ်လ ၁၇ ရက်နေ့မှာ တင်ပြလိုက်ပြီလို့ RFA ကို ပြောပါတယ်။
“တင်ပြီးပြီ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ဆိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့သိလား၊ အဲတော့ သူတို့အဲဒါကို ဘယ်လိုလုပ်မလဲ ဆိုတာ နည်းနည်းတော့ စောင့်ကြည့်မယ်လေ၊ စောင့်ကြည့်ပြီးတော့ တကယ်လို့ တို့ဒီက လွှတ်တော်နားလို့ ပြန်ရင်တော့ ရဲတွေဘာတွေနဲ့ သွားတွေ့မှာပေါ့နော်၊ တွေ့ပြီးတော့ ဒီဟာဘယ်လိုဘယ်ပုံရှိလဲပေါ့၊ သတင်း မှာလည်း ပါတယ်၊ သူကဒီ CID တို့ဘာတို့ ရောက်ပြီဆိုတော့လည်း ဘာပဲပြောပြော တစ်ခုခုတော့ ထူးလာနိုင် တာပေါ့နော်”
မလဲ့လဲ့ဝင်း ဒဏ်ရာအနည်းငယ်သက်လာချိန်မှာ ပန်းတနော်မြို့မ ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင် အိမ်ရှေ့မှာရှိနေတုန်း မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး အက်ဆစ်နဲ့ ပက်သွားတာလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။
အက်ဆစ်နဲ့လုပ်ကြံတဲ့အမှုတွေဟာ နိုင်ငံတချို့မှာ ရံဖန်ရံခါဖြစ်တတ်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ ရှားပါးတဲ့ဖြစ်စဉ်ပါ။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်ညပိုင်း တိုက်ခိုက်ခံရစဉ်မှာ မလဲ့လဲ့ဝင်းရဲ့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြား ပျက်စီးသွားပါတယ်။ သူနဲ့အတူ တိုက်ခိုက်ခံရတဲ့ ဒေါ်ဥမ္မာလင်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေါ်ဥမ္မာလင်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြစိန်က သူတို့ကိုယ်စား ရဲစခန်းမှာ တိုင်ကြားခဲ့တာလို့ သိရပါတယ်။