မြန်မာဟာ ကမ္ဘာမှာ အကြမ်းဖက်မှု အများဆုံးနိုင်ငံဖြစ်နေကြောင်း သုတေသနအဖွဲ့ပြော

RFA Burmese
2024.06.14
မြန်မာဟာ ကမ္ဘာမှာ အကြမ်းဖက်မှု အများဆုံးနိုင်ငံဖြစ်နေကြောင်း သုတေသနအဖွဲ့ပြော ဆီဆိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံးနေရာဖြစ်ကြောင်း စစ်မြေပြင်ဆိုင်ရာသတင်းအချက်အလက်တွေထုတ်ပြန်တဲ့ ACLED သုတေသနအဖွဲ့က ပြောလိုက်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းပဋိပက္ခတွေကြောင့် အနည်းဆုံး အရပ်သား ရှစ်ထောင်အပါအဝင် လူ ငါးသောင်းသေဆုံးပြီး ၂ သန်း ၃ သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး ခုနစ်လကြာတဲ့အထိ မြန်မာနိုင်ငံမှာ သွေးထွက်သံယို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နိုင်ငံ့စီးပွားရေးကို ဆိုးရွားလာစေပြီး ဆင်းရဲမွဲတေမှုတွေလည်း တိုးလာနေတယ်လို့ ACLED ရဲ့ အစီရင်ခံစာထဲမှာ ပါရှိပါတယ်။ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၀ ခုနှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရကြောင်း၊ စစ်တပ်က ပဋိပက္ခဖြစ်ပွားရာဒေသတွေကို ဝင်ရောက်ခွင့် ဆက်လက်ကန့်သတ်ထားတာကြောင့် ကျေးလက်နေလူထုဟာ ငတ်မွတ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ပိုပြီးဆိုးရွားတာက နိုင်ငံတစ်ဝန်းက အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ရေလမ်းတွေကို စစ်တပ်က ပိတ်ဆို့ထားပြီး အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၇ သန်းကျော်ထံ အကူအညီပေးရေးလုပ်သားတွေ မရောက်အောင် ထားဆီးထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ACLED ဟာ လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ပဋိပက္ခဆိုင်ရာအချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။