ကချင်ပြည်နယ်စစ်ပွဲမှာ လေကြောင်း တိုက်ခိုက်မှုကို နိုင်ငံတကာ ကန့်ကွက်

မြန်မာအစိုးရက ကချင်ပြည်နယ်က စစ်ပွဲမှာ လေကြောင်းသုံးတိုက်ခိုက်တာ ရပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း က မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။

2013.01.03
kachin-refugee-children-b305 ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်မှာ စစ်ပွဲတွေပြန်ဖြစ်လာတဲ့အပေါ် အထူးစိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌါနက ပြောလိုက်ပါတယ်။

ဒါကြောင့် မြန်မာအစိုးရရော ကေအိုင်အေ ဘက်ကပါ တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဖို့ တိုက်တွန်းတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌါန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland မစ္စစ် ဗစ်တိုးရီယား နူလန်က မနေ့က ပြောလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလဲ ကချင်ပြည်နယ်ကစစ်ပွဲမှာ မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်တာကိုရပ်ဖို့နဲ့ အရပ်သားတွေကို ထိခိုက်စေတဲ့ ဘယ်လိုဆောင်ရွက်ချက်မျိုးမဆို ဆက်မလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်ပိုများလာပြီး သူတို့အတွက် အကူအညီတွေပေးဖို့ လိုအပ်လာသလို၊ အချိန်မှီထောက်ပံ့ ကူညီနိုင်ဖို့ကလဲ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ဝရက်နေ့က ကချင်ပြည်နယ်တိုက်ပွဲမှာ မြန်မာ့တပ်မတော်က လေကြောင်းအကူအညီကို အသုံးပြုခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။