မောင်တောဒေသသွားခွင့် နိုင်ငံ တကာအဖွဲ့တွေ တောင်းဆို
2016.10.22

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မောင်တောဒေသကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေပို့ခွင့်ပြုဖို့ မြန်မာအစိုးရကို ဆက်လက် တိုက်တွန်းနေပါတယ်။ အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြီးကတည်းက အဲဒီဒေသကို သွားရောက်ကူညီလို့ မရဘူးလို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေကလည်း ပြောပါတယ်။
နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ညွန်ကြားရေးမှူး Brad Adams ကလည်း အစိုးရအနေနဲ့ လုံခြုံရေးစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ခြေမှုန်းဖြိုခွင်းရဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ တပြိုင်နက်မှာပဲ လူ့အခွင့်အရေးတွေကိုလည်း လေးစား လိုက်နာရ မှာဖြစ်ပါတယ်။ အဲဒီဒေသက ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို လူမှုရေးဆိုင်ရာ အကူအညီတွေပေးဖို့ရရေးအတွက် အာမခံရမှာဖြစ်ပြီး သတင်းထောက်တွေ သတင်းယူဖို့နဲ့ လူ့အခွင့် အရေးကိုယ်စားလှယ်တွေ သွားရောက် စောင့်ကြည့်ဖို့လည်း ခွင့်ပြုဖို့လိုပါတယ်လို့ မနေ့က ပြောပါတယ်။
ဒီအတောအတွင်း ဒေသခံမွတ်စလင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေရဲ့ပြောကြားချက်အရ မောင်တော ဒေသမှာ အစိုးရတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့်သေဆုံး သူတွေထဲမှာ အရပ်သားတွေပါဝင်တယ်လို့ ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။
ဒါ့အပြင် အစိုးရတပ်ဖွဲ့တွေက အိမ်တွေမီးရှို့ပြီး အကြောင်းမဲ့ ဖမ်းဆီးတာတွေရှိတယ်လို့လည်း လူအခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။ မြန်မာပြည်က သတင်းထောက်တွေကလည်း မောင်တောဒေသကို သွားရောက်ခွင့်မရတဲ့အတွက် အမှန်ပကတိ ဖြစ်ပျက်နေတာတွေကို သူတို့ မသိနိုင်ကြဘူးလို့ ပြောနေကြ ပါတယ်။