နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်

RFA Burmese
2023.03.29
နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ NLD ပါတီရုံးချုပ်ရှေ့တွင် ရွေးကောက်ပွဲအပြီး အောင်ပွဲခံနေကြသူများအား တွေ့ရစဉ်။ (Photo: Reuters)
Reuters

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၃၉ ပါတီကို နိုင်ငံရေးပါတီအဖြစ်က စစ်ကောင်စီက ဖျက်သိမ်းလိုက်တာကို နိုင်ငံတကာက မတ်လ ၂၉ ရက် မနေ့က ကြေညာချက်တွေ ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျ၊ ဂျပန်စတဲ့ နိုင်ငံတွေက ကြေညာချက်တွေ ထုတ်ပြန်ကြတာပါ။ ဒါဟာ မြန်မာလူထုရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထိပါးတာပဲလို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောကြားပါတယ်။

ဂျာမနီဖက်ဒရယ်အစိုးရ နိုင်ငံခြားရေးရုံးပြောခွင့်ရသူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ စစ်ကောင်စီရဲ့လုပ်ရပ်ကို ရှုတ်ချပြီး အကြမ်းဖက်မှုတွေ အထူးသဖြင့် အရပ်သားတွေကို တိုက်ခိုက်နေတာတွေနဲ့ အတိုက်အခံတွေကို ရက်ရက်စက်စက်ဖိနှိပ်နေတာ ရပ်ဆိုင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။

မြန်မာလူထုရဲ့ဆန္ဒကို စစ်ကောင်စီက ငြင်းဆန်တာကို ပြင်သစ်နိုင်ငံကလည်း ရှုတ်ချလိုက်ပါတယ်။

ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့က စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြောကြားပြီး နိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိအောင် သက်ဆိုင်သူတွေအားလုံး ပိုမိုပါဝင်တဲ့ လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ စစ်ကောင်စီကို တိုက်တွန်းပါတယ်။

NLD ကို နိုင်ငံရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်လိုက်တာဟာ မြန်မာနိုင်ငံအခြေအနေတိုးတက်ဖို့ ဆောင်ရွက်ရတာ ပိုမိုခက်ခဲစေလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တာဝန်ရှိသူတွေကို ချက်ချင်းပြန်လွှတ်ဖို့လည်း စစ်ကောင်စီကို ဂျပန်နိုင်ငံက တိုက်တွန်းပါတယ်။ သက်ဆိုင်ရာပါတီတွေ အားလုံးပါဝင်ပြီး ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရေးကို ဦးတည်တာကို ပြသပါလို့လည်း ပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးနဲ့ကုန်သွယ်ရေးဌာနကလည်း တင်းကျပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလိုအပ်ချက်တွေကြောင့် နိုင်ငံရေးနယ်ပယ် ဒီထက်မက ကျဉ်းမြောင်းသွားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အနီးကပ်ဆက်လက်စောင့်ကြည့်နေမယ်လို့လည်း ပြောပြီး အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ တခြားနိုင်ငံရေးပါတီ ၃၉ ပါတီကို စစ်ကောင်စီက မတ် ၂၈ ရက်က ဖျက်သိမ်းလိုက်တာပါ။

စစ်ကောင်စီအာဏာ သက်တမ်းရှည်ဖို့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့နည်းဥပဒေတွေအရ ရွေးကောက်ပွဲကော်မရှင်မှာ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။