အင်းစိန်ထောင်ရှေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ North Dagon Oppressed People Strike Colition (NDOPSC)နဲ့ နွေဦးတပ်ပေါင်းစု အထွေထွေ သပိတ်ကော်မတီတို့ ပူးပေါင်းပြီး ဒီနေ့ ရန်ကုန်အင်းစိန် ထောင်ရှေ့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အတူရှိနေပြီး တိုက်ပွဲဝင်နေတယ် ဆိုတာကို သိဖို့အတွက် အင်းစိန်ထောင်ရှေ့အထိ သွားရောက် ဆန္ဒပြတာလို့ သိရပါတယ်။
ဒီနေ့ ဆန္ဒပြခဲ့ကြတဲ့ တပ်ပေါင်းစုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကလည်း တစ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အင်းစိန်ထောင်မှာ အကျဉ်း ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁၅ဝ ခန့် ၃ ရက်ကြာ အစာအငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲတွေ နေ့စဉ် ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကျပ်နေတဲ့ ကြားက ဆန္ဒပြလူငယ်တွေဟာ ပြောက်ကျားသပိတ်တွေ ဆက်လက် ပြုလုပ်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ စစ်တပ်အာဏာ သိမ်းလိုက်တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ လူပေါင်း ၉၂၁၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၁၅၆ဝ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။