အင်းလေးကန်ဝန်းကျင် စိမ်းလန်းရေး နည်းဗျူဟာပြောင်းပြီး သစ်ပင်စိုက်

ဇာဏီထွဏ်း
2020.05.24

အင်းလေးကန်ထိန်းသိမ်းရေးအတွက် သစ်မျိုးစေ့နဲ့ သစ်မျိုးစေ့မြေလုံးပေါင်း နှစ်သိန်းငါးသောင်းကျော်ကို ရေဝေရေလဲဒေသ တောင်ကတုံးနေရာတွေနဲ့ စိုက်ပျိုးသွားမယ်လို့ ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ပြောပါတယ်။

နွေရာသီရောက်တိုင်း ရေခမ်းတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်က အင်းလေးကန်ကို ရေရှည်တည်တံ့ အောင် ထိန်းသိမ်းနိုင်ဖို့အတွက် သစ်မျိုးစေ့ပေါင်း နှစ်သိန်းနဲ့ မျိုးစေ့မြေလုံး ငါးသောင်းကျော်ကို ရေဝေရေလဲဒေသ တောင်ကတုံးတွေမှာ သစ်တောဌာနက စိုက်ပျိုးနေပါတယ်။

မြေဆွေးနဲ့မျိုးစေ့ ရောထည့်ထားတဲ့ သစ်စေ့မြေလုံး (Seed Ball) လေးတွေကို ဆူးထိုးပြီး စိုက်ပျိုးသွားမှာဖြစ် တယ်လို့ ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇမ်ဆွမ်းခိုင်က RFA ကို ပြောပါတယ်။

“သစ်ပင်ပေါက်ရောက်မှုမရှိတဲ့ တောင်ကတုံးတွေမှာ ပျိုးပင်တွေစိုက်ရင် ကုန်ကျစရိတ်များတော့ Seed Ball လေးတွေကို ရွှံ့စေးနဲ့မြေဆွေး၊ သစ်စေ့ သုံးစေ့လောက်ရောပြီးတော့ ထည့်လိုက်တာ။ မိုးရွာရင် အရည်ပျော်ပြီး အပင်ကပေါက်လာမှာ၊ အဲဒါမျိုး ရည်ရွယ်ချက်နဲ့ပါ”

အင်းလေးကန် ရေဝေရေလဲ ဒေသတွေဖြစ်တဲ့ ကလော၊ တောင်ကြီး၊ ဖယ်ခုံ၊ ပင်းတယစတဲ့ မြို့နယ်တွေမှာ တောပြုန်းပြီး သစ်ပင်တွေ နည်းပါးသွားတာကြောင့် မြေဆီလွှာတွေ ရေတိုက်စားပြီး အင်းလေးကန်ထဲ နုန်းအနယ်အနှစ်တွေ ကျလာပါတယ်။ သစ်ပင်ရှိလာမယ်ဆိုရင် ကန်ထဲကို နုန်းအနည်အနှစ်တွေကျတာ လျော့ပါးသွားမှာပါ။

သစ်စေ့ မြေလုံးလေးတွေကို စိုက်ပျိုးတာဟာ အပင်ပေါက်တွေကို စိုက်ပျိုးတာထက် မျိုးစေ့အိတ်၊ သယ်ယူစရိတ် တွေ အဆ ၁၀ လောက် သက်သာတာကြောင့် သစ်ပင်အရေအတွက် ပိုမိုစိုက်ပျိုးနိုင်မှာပါ။ စရိတ်သက်သာပေမယ့် သစ်ပင်ပေါက်ရောက်မှု၊ ကြီးထွားမှုတွေကိုတော့ ပြန်ပြီးစောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ရဟတ်ယာဉ်သုံးပြီး သစ်စေ့မြေလုံးတွေကို တောင်ကတုံးတွေပေါ် ကျဲခဲ့ပေမယ့် မိုးကာလ ကျော်လွန် ချိန်ဖြစ်တာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒီနှစ်မှာ ဘောစကိုင်း၊ ချယ်ရီ၊ မယ်ဇလီစတဲ့ မျိုးစေ့တွေကို စိုက်ပျိုးမှာဖြစ်ပြီး လူတွေစားသောက်လို့ရတဲ့ ထောပတ်၊ မျောက်ငို၊ မန်ကျဉ်းချို စတဲ့ပျိုးပင်ပေါင်း သုံးသောင်းကျော်ကိုလည်း စိုက်ပျိုးချင်တဲ့ ဒေသခံတွေအတွက် မြို့နယ် သစ်တောဦးစီးဌာနက အခမဲ့ပေးနေတာပါ။

ကလော၊ တောင်ကြီး၊ ဖယ်ခုံ၊ ပင်းတယ မြို့နယ်တွေထဲက အင်းလေးကန် ရေဝေရေလဲ ဧရိယာ တောင်ကတုံး တွေမှာ မေ ၁၈ ရက်နေ့က သစ်စေ့မြေလုံး သောင်းနဲ့ချီ  ဆူးထိုးစိုက်ပျိုးလိုက်တယ်လို့ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အရင်နှစ်တွေကလည်း မိုးရာသီရောက်တိုင်း သစ်ပင်စိုက်တာတွေ ရှိခဲ့ပေမယ့် ရှင်သန်ကြီးထွားရေးပိုင်းမှာ ထိန်းသိမ်းမှုအားနည်းခဲ့တယ်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးက ပြောပါတယ်။

“စိုက်သမျှအောင်ရင်တော့ တော်တော်တော့ ဖုံးလွှမ်းသွားပြီ၊ အခုက ပိုင်ဆိုင်မှုမပေးတော့ တာဝန်ကျေစိုက်ခဲ့တယ်။ ဒီအတိုင်းထားခဲ့တယ်။ ပြီးတော့ နွားတွေ၊ ကျွဲတွေ စားသွားလို့ ။အဲဒါမျိုးနဲ့ မထိန်းသိမ်းခဲ့ဘူး။ နှစ်နှစ်ကျော်လောက်ပဲ ထိထိရောက်ရောက်လေး စိုက်နိုင်တာပေါ့လေ။ ဘာလို့မအောင်မြင်တာလဲဆိုတော့ အဲဘက်ကရွာတွေက လျှပ်စစ်ဓာတ်အား မရသေးဘူးခင်ဗျ။ ထင်းခုတ်တယ်။ မီးသွေးဖုတ်တယ်။ အဲဘက်တကြောသာ လျှပ်စစ်ဓာတ်အား အကုန်ရမယ်ဆိုရင် စိုက်စရာတောင်မလိုဘူး အလိုလိုစိမ်းသွားမှာ”

နိုင်ငံအတွက် အလွန်အရေးပါတဲ့ လောပိတ ဓာတ်အားပေးစက်ရုံအတွက်လည်း အင်းလေးကန်ဟာ အဓိက ရေအရင်းအမြစ်တစ်ခု ဖြစ်နေပါတယ်။

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေလည်း စိတ်ဝင်စားတဲ့ အင်းလေးကန်ဟာ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်တွေမှာ သိသိသာသာ ရေနည်းပါးခဲ့ပြီး ဒီနှစ်မှာဆိုရင်လည်း အလားတူ ဖြစ်ပေါ်နေပါပြီ။

အင်းလေးကန်အလယ်က ကေလာရွာမှာတောင် လှေဝင်လို့မရတဲ့ အခြေအနေရှိတယ်လို့ Save the Inle Lake အဖွဲ့က ဦးညီညီထွန်းက ပြောပါတယ်။

“အင်းရေလယ်ခေါင်မှာရှိတဲ့ ကေလာလိုရွာမျိုးတောင်မှ လှေဝင်လို့မရအောင် ခက်ခဲတဲ့အနေထားရှိတယ်။ အင်းတောင်ပိုင်းက တော်တော်များများရွာတွေမှာ ဘီလူးချောင်းမကြီးဘေးက ရွာတော်တော်များများကတော့ ရွာထဲကို လှေဝင်လို့မရဘူး။ ဘီလူးချောင်းမကြီးမှာပဲ ရပ်ထားရတယ်။ တူးထားပေမယ့်လည်း ရေက တစ်ပေတောင် ပြည့်အောင်မရှိဘူး။ တချို့မော်တော်မောင်းတဲ့ လမ်းကြောင်းတွေဆိုရင် လမ်းလျှောက်ပြီးတော့တောင် သွားလို့ရတယ်”

အင်းလေးကန်ဟာ ရှမ်းပြည်နယ်အတွက်သာ အရေးပါရုံမဟုတ်ဘဲ မြန်မာနိုင်ငံအတွက်၊ ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ဒေသဖြစ်တာကြောင့်  ရေရှည်တည်တံ့ရေးကို အစိုးရက မူဝါဒ၊ ဥပဒေတွေ ခိုင်ခိုင်မာမာ ချမှတ်ပြီး ထိန်းသိမ်းစေချင်ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့နှစ် ၂၀၁၉ နိုဝင်ဘာတုန်းက အင်းလေးကန်ကို ရောက်ခဲ့ပါတယ်။

အင်းလေးကန် ရေရှည်တည်တံ့ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့က လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေ ၁ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

“ရောက်တဲ့အခါမှာလည်း အင်းလေးဒေသရဲ့ အခြေအနေကို သယံဇာတ ဝန်ကြီး ဦးအုန်းဝင်းက ရှင်းပြတာတွေရှိတယ်။ အဲအပေါ်မှာလည်း အင်းလေးကန် ရေရှည်တည်တံ့ရေးပေါ့နော်၊ အင်းလေးကန် ထိန်းသိမ်းရေးအတွက် စီမံချက်တွေလည်း ကျနော်တို့ လုပ်ထားပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရယ်၊ ပြည်နယ် အစိုးရရယ်၊ အစီမံတွေကို ဆောင်ရွက်ဖို့ပေါ့နော်။ ချက်ချင်းတော့ ကျနော်တို့က ရမှာမဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပျိုးထောင်ရတာပေါ့နော်။ အချိန်တော့ ပေးရတယ်။ ကျနော်တို့ လုပ်နေပါတယ်။ စီမံချက်နဲ့ ”

အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေတိမ်ကန်ဖြစ်ပြီး မျိုးသုဉ်းလုနီးဖြစ်နေတဲ့ ငါးနဲ့ ခရုတွေ ရှိတဲ့နေရာဖြစ်ပါတယ်။ မြန်မာသာမက ကမ္ဘာ့ရေဝပ်ဒေသမှာပါ အရေးပါတာကြောင့်  ၂၀၁၈ ခုနှစ်မှာ စိမ့်တောများထိန်းသိမ်းရေး ရမ်ဆာဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။