အင်းလေးဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်ရေး ကြိုးပမ်းမည်
2018.09.27
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တောင်းဆိုသွားဖို့အတွက် ကနဦးအနေနဲ့ နမ့်ပန်ကျေးရွာ မြို့အဆင့်ပြန်လည်သတ်မှတ်နိုင်ရေး အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ နမ့်ပန်ဘုန်းကြီးကျောင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
တောင်ကြီးမြို့အပါအဝင် အင်းလေးဒေသက ဆရာတော်ကြီးတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဦးဆောင်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Save The Inle Lake အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးခင်မောင်လတ်က RFA ကို ဒီနေ့ ပြောပါတယ်။
"နမ့်ပန်မြို့နယ်ပြန်လည်ဖော်ထုတ်ရေး အစည်းအဝေးပေါ့၊ အဲဒါလေးတစ်ခု လုပ်ဖို့ရှိတယ်၊ အဓိကကတော့ ကျနော်တို့ဟာ အရင်ရှိပြီးသား နမ့်ပန်မြို့နယ်ကို ပြန်လည်တောင်းခံမယ်ပေါ့နော်၊ ကျနော်တို့ဟာ နမ့်ပန်မြို့နယ် ပြန်လည်သတ်မှတ်ပေးဖို့ တောင်းဆိုမယ်၊ အဲဒါဆို ကျနော်တို့ ညောင်ရွှေမြို့နယ်၊ နမ့်ပန်မြို့နယ် နှစ်မြို့နယ်ဖြစ်သွားမယ်၊ ဒါဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သွားတောင်းခံပေးဖို့ အဲ့တာလေးလုပ်ဖို့အတွက်ကို ဒီနမ့်ပန်မြို့နယ် ပြန်တောင်းခံဖို့ ဆွေးနွေးကြမယ့်ပွဲပေ့ါနော်"
နမ့်ပန်မြို့ဟာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၇ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တွေ ဝင်ရောက်လာလို့ဆိုပြီး အနက်ရောင်နယ်မြေသတ်မှတ်ကာ မြို့နယ်အဖြစ်ကနေ ကျေးရွာအဖြစ် အစိုးရက သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အင်းတိုင်းသားရေးရာဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ လိုအပ်တဲ့အချက်တွေကို သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ကော်မတီဖွဲ့စည်းပြီးရင် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ အဲဒီကနေ နိုင်ငံတော်သမ္မတအထိ တင်ပြသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ ထွေအုပ် ညွှန်ကြားရေးမှူး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ မှတ်ချက်တွေတောင်းခံပြီး ရှမ်းပြည်နယ်အစိုးရထံ ပြန်လည်ညွှန်ကြားခဲ့ရင် နမ့်ပန်မြို့အဖြစ် ပြန်ရနိုင်တယ်လို့ ပြောပါတယ်။
အင်းလေးဒေသမှာ လက်ရှိ ညောင်ရွှေမြို့နယ်တစ်ခုပဲရှိလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုတဲ့အခါ မြို့နယ်နှစ်ခုလိုအပ်တဲ့အတွက် နမ့်ပန်မြို့ပြန်လည်သတ်မှတ်ပေးရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။