ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့သားပိုင် အင်းလေးကန်မြေဧက ၉ဝ ကို ဘေးမဲ့တောသတ်မှတ်သင့်ကြောင်း တင်ပြ


2018.09.21
innlay-622.jpg အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်တဲ့ (Myanmar Naing Group Co, Ltd) က လုပ်ပိုင်ခွင့် ရရှိထားတဲ့ မြေဧက ၉ဝ ကို ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်တယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက အမျိုးသားလွှတ်တော်ရုံးကို အစီရင်ခံစာ ပေးပို့ထားပါတယ်။

ဝန်ကြီးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာလုပ်လည်း ကျနော် ကန့်ကွက်မှာပဲ၊ လောလောဆယ် ဆိုးကျိုးဖြစ်သွားတာကတော့ ကျနော်တို့ ဒေသခံတွေအချင်းချင်း နည်းနည်းသွေးကွဲသွားတယ်ဗျ၊ ပြည်သူတွေ ကန့်ကွက်တဲ့စာအရရယ်၊ နောက် ပြည်သူတွေ တိုင်ကြားစာအရရယ်၊ ကျနော်တို့ အမျိုးသားလွှတ်တော် သယံဇာတကော်မတီကို စာရောက်တယ်၊ သယံဇာတကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကိုပို့တယ်၊ ဒါဟာ သဘာဝဘေးမဲ့တောပဲ ဖြစ်သင့်တယ်ဆိုပြီးတော့ အကြံဉာဏ်ပြုတယ်၊ ဝန်ကြီးဌာနကနေ ရှမ်းပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်နဲ့ ဒီမြေလွတ်မြေရိုင်းကနေ သဘာဝဘေးမဲ့တောအဖြစ် အသိအမှတ်ပြုသင့်ပါသည်ဆိုတဲ့ သဘောထားပေါ့ဗျာ”

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့စွဲနဲ့ အစီရင်ခံစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဧက ၉ဝ နေရာကို မြေလွတ်မြေရိုင်းအဖြစ် သဘာဝဘေးမဲ့တော ဧရိယာထဲကနေ ၂ဝ၁၁ ခုနှစ် မတ်လမှာ သစ်တောဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပေမယ့် သဘာဝကျွန်းမျောနေရာ ဖြစ်တာကြောင့် အင်းလေးကန သဘာဝပတ်ဝန်းကျင် ပျက်စီးrှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကလည်း ကျေးရွာတွေမှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး စည်းရုံးတာတွေ ရှိတာကြောင့် ထောက်ခံတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းမဖြစ်ရင် ဒေသဖွံ့ဖြိုးရေးတွေ မရတော့ဘူး ဆိုပြီး ထောက်ခံတဲ့သူတွေနဲ့ ကန့်ကွက်တဲ့သူတွေအကြား စိတ်သဘောထားတွေ ကွဲလွဲတာတွေရှိပေမယ့် ဒေသဖွံ့ဖြိုးရေးကို အစိုးရက တာဝန်ယူလုပ်ဆောင်ပေးမှာဖြစ် တယ်လို့ ဦးနေမျိုးက ပြောပါတယ်။

အင်းလေးကန်ရဲ့ ဆယ်မိုင်ပတ်လည်မှာ ဟိုတယ်တွေ ထပ်ပြီး ဆောက်ခွင့်မပြုတော့ဘူးလို့ အရင် အစိုးရလက်ထက်က အမိန့်ထုတ်ပြန်ခဲ့သလို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဧကခြောက်ရာကျော် နေရာမှာလည်း ဟိုတယ်နှစ်လုံးသာ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

အင်းလေးကန်ဟာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ဇီဝဝန်းကျင် အမွေအနှစ် ဖြစ်သလို အာဆီယံ အမွေအနှစ်ဥယျာဉ်နဲ့ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအဖြစ် ၂ဝ၁၄ ခုနှစ်စပြီး သတ်မှတ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။