အင်းလေးဒေသမှာ အသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်ပေးရေး သတင်းစာရှင်းလင်းပွဲ
2013.01.21

အဲဒီမြေတွေဟာ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒေသခံတွေလက်ထဲမှာ ပိုင်ဆိုင်မှုအထောက်အထားဖြစ်တဲ့ လန ၃၉ တော့မရှိဘူးလို့ သိရပါတယ်။
ဒီလယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ အာဏာပိုင်တွေထံ တင်ပြထားပေမယ့် အခုချိန်ထိ တစုံတရာ စစ်ဆေးအရေးယူ ဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် အခုလို သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းတာဖြစ်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇာနည်ထွန်းက ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အင်းလေးဒေသ ဟိုတယ်ဇုန် တည်ဆောက်ဖို့အတွက် လယ်ယာမြေတွေသိမ်းယူရာမှာ သာသနာပိုင် ဥယျာဉ်ခြံတွေ၊ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေနဲ့ သစ်ပင်တွေကို မြေထိုးစက်တွေနဲ့ ဖျက်ဆီးနေတာကြောင့် အမြန်ဆုံးလေ့လာစုံစမ်းပေးဖို့ ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် သက်ဆိုင်တာဝန်ရှိသူတွေကို လိပ်မူပြီး ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက စာရေးသားပေးပို့ထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးအရှေ့ဘက်ကမ်းမှာရှိတဲ့ အင်ကြင်းကုန်း၊ ကန်ပဲ့၊ ဝက်သားကင်၊ ချောင်းပါး၊ ဘုရားဖြူ၊ ညောင်ဝန်းအစရှိတဲ့ ရွာတွေက စိုက်ပျိုးမြေတွေ အသိမ်းခံထားရတာ ဖြစ်ပါတယ်။