စပါး တရားမဝင်ဝယ်ယူတဲ့ တရုတ်ကုန်သည်တွေကို တားမြစ်မည်


2017.10.14
paddy-622 ဆန်စက်မှာ ကြိတ်ခွဲပြီးထွက်လာတဲ့ စပါးအခွံတွေကို တွေ့ရစဉ်
Photo: RFA

ပြည်တွင်းက စပါးတွေကို တရုတ်ကုန်သည်တွေက တရားမဝင်ဝယ်ယူနေတာကို ထိထိရောက်ရောက် တားမြစ်မယ် ဆိုပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောတယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။

အခုလ ၁၂ ရက်နေ့က နေပြည်တော်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးမှာ ဆန်ကုန်သည်တွေနဲ့ တွေ့ဆုံစဉ်မှာ တရုတ်က တရားမဝင် စပါးဝယ်ယူနေတာတွေကို အရေးယူဖို့ ဝန်ကြီးက ပြောတာဖြစ်တယ်လို့ ဦးစိုင်းကျော်က ပြောပါတယ်။

"စပါးကိစ္စပြောတော့ ဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန်နဲ့ကတော့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်တော့မယ်ပေါ့။ ထိထိရောက်ရောက် ကိုင်တွယ်ပြီးတော့မှ ဒီဟာကို အရေးလည်းယူမယ်။ ဒီဟာကို တားဆီးမယ်ပေါ့။ အဲဒီလိုမျိုးပေါ့။ ဒါက တရားဝင် မဟုတ်ဘူးပေါ့။ သူတို့ ဈေးပိုပေးနိုင်တာ လည်း တစ်ခုရှိတယ်ဗျ။ နောက်တစ်ကြောင်းက တရားဝင်မဟုတ်တဲ့အတွက် သူတို့က အခွန် မဆောင်ရဘူးလေ။ ကျနော်တို့ ဆန်ဆိုရင် အခွန်ဆောင်ရတယ်လေ။ အဲဒီလိုမျိုး။ ဘာကြေး၊ ညာကြေး၊ အမြတ်ခွန်တို့ ကုန်သွယ်ခွန်တို့ ဆောင်ရတာ ရှိတယ်လေ။ သူတို့က အဲဒီအခွန်အတွက် ဈေးပိုပေးလို့ ရတယ်။အခုပုံစံ အနေနဲ့က နိုင်ငံတော် အခွန်အနေအနဲ့လည်း အများကြီး နစ်နာတာပေါ့။ "

တရုတ်ကုန်သည်တွေက ပြည်တွင်းက စပါးပေါက်ဈေးထက် ဈေးပိုပေးပြီး မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက စပါးတွေကို ဝယ်ယူနေတာဖြစ်တယ်လို့ ဦးစိုင်းကျော်က ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းက ကုန်သည်တွေက စပါးအမျိုးအစားပေါ်မူတည်ပြီး စပါးတင်း တစ်ရာကို ငွေကျပ် ငါးသိန်းကနေ ခြောက်သိန်းကျပ်အထိ ပေးဝယ်နေပေမယ့် တရုတ်ကုန်သည်တွေက ပြည်တွင်း ပေါက်ဈေးထက် ကျပ် ၄ သောင်းဝန်းကျင်လောက် ပိုပေးပြီးဝယ်ယူနေတယ်လို့ သိရပါတယ်။

ပေါက်ဈေးထက်ပိုပေးပြီးဝယ်ယူနေတာကြောင့် လယ်သမားတွေက ဆန်စက်တွေမှာ စပါးမရောင်းတော့ဘဲ တရုတ်ကုန်သည်တွေဆီကို အဝယ်တော်တွေကနေတဆင့် ရောင်းချတဲ့အတွက် မန္တလေးတိုင်းက ဆန်စက်အများစု ပိတ်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မန္တလေးတိုင်းဒေသကြီးက စပါးထွက်ရှိတဲ့ ပမာဏရဲ့ ထက်ဝက်ကျော်ကိုလည်း တရုတ် ကုန်သည်တွေက ဝယ်ယူသွားတယ်လို့ ဦးစိုင်းကျော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။