ဧည့်မထ စပါးတင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ဝယ်ယူမည်
2014.11.03

ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ် စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေ အရှုံးမပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ဝယ်ယူသွားမယ်လို့ မြန်မာနိုင် ငံ တောင်သူလယ်သမားအသင်းက ကြေညာလိုက် ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ နိုင်ငံတော် အရံဆန်ထားရှိရေး ကြီးကြပ်မှုကော် မတီက နိုင်ငံတော်အရံဆန်နဲ့ တပ်မတော်ရိက္ခာ အတွက် ဝယ်ယူမှာဖြစ်ပြီး အခုနိုဝင်ဘာလမကုန်ခင်မှာ ဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဧည့်မထစပါးတစ်တင်း ကျပ်သုံးသိန်းခွဲနဲ့ ဝယ်ယူဖို့ကို မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်းတို့ တွေ့ဆုံညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့မိုးစပါးပေါ်ချိန်တုန်းက သက်ငယ်စပါးတင်းတစ်ရာဟာ ကျပ်လေးသိန်းဝန်းကျင်အထိရှိခဲ့ပြီး ဒီနှစ်မှာတော့ စပါးစတင်ပေါ်တဲ့အချိန်မှာတောင် ကျပ်သုံးသိန်းသုံးသောင်းလောက်နဲ့သာ အရောင်းအဝယ်ရှိခဲ့ကြပါတယ်။