အင်းတော်ကန်ပတ်လမ်းကိစ္စ အဖမ်းခံရတဲ့တောင်သူတွေ အာမခံနဲ့လွတ်
2021.01.08
စစ်ကိုင်းတိုင်း၊ ကသာခရိုင်က အင်းတော်လေးကန်ပတ်လမ်း ဖောက်တဲ့နေရာမှာ မြေယာဆုံးရှုံးလို့ ကန့်ကွက်နေတဲ့ လယ်သမားတွေကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ဇန်နဝါရီလ ၇ ရက် မနက်က ဖမ်းဆီးအမှုဖွင့်ပြီး အဲဒီနေ့ညဘက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ရဲစခန်းမှာ ကြုံခဲ့တဲ့အဖြစ်အပျက်တွေ အကြောင်းနဲ့ အာမခံနဲ့ အပြင်မှာနေရတဲ့ အကြောင်း ပြန်လွတ်လာတဲ့ တောင်သူဒေါ်ရင်လေးက မနေ့ညက RFA ကို ပြောပြပါတယ်။
အဖမ်းခံလိုက်တဲ့သူတွေကတော့ ဒေါ်ရင်လေး၊ သူ့ရဲ့သား ကိုအေးကို၊ ချွေးမ မသဲစု၊ တရွာတည်းနေ ကိုသန်းစိုးနဲ့ ကိုမောင်မိုးတို့ ဖြစ်ပါတယ်။ သူတို့ကို အင်းတော်မြို့မ ရဲစခန်းမှာ ချုပ်ထားပြီး ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန် က RFA ကို မနေ့က ပြောပါတယ်။ ညဘက်မှာတော့ တောင်သူတွေကို အာမခံနဲ့ ပြန်လွှတ်လိုက်တာပါ။
တောင်သူတွေကို ကူညီတဲ့ ကျောင်းဆရာ ကိုဇော်မင်းထွဋ်ကိုလဲ နောက်ကွယ်က မြှောက်ပေးတာဆိုပြီး ဒေသခံအာဏာပိုင်တွေက စုံစမ်းမေးမြန်းတာတွေ ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုဇော်မင်းထွဋ်က သူ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပြဌာန်းချက်တွေအတိုင်း ပြည်သူတွေကို ကူညီတာလို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်က အင်းတော်ကြီးရေအိုင်၊ စစ်ကိုင်းတိုင်းက အင်းတော်လေး ရေအိုင်နဲ့ ရှမ်းပြည်နယ်က အင်းလေးကန်တို့ဟာ ကုန်းတွင်းပိတ်ရေအိုင်ကြီးတွေ ဖြစ်ပြီး ဒီရေအိုင်ကြီးတွေကို မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေ အမြောက်အမြားရှိနေပါတယ်။ အခုတော့ အင်းတော်လေးလို့ လူသိများတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်က အင်းတော်ရေအိုင်ဘေးမှာ ဖွံ့ဖြိုးရေး ဆောင်ရွက်ချင်တဲ့ အာဏာပိုင်တွေက တဖက်၊ မြေယာ နစ်နာဆုံးရှုံးမယ့် တောင်သူတွေကတဖက် အငြင်းပွားမှု၊ တရားစွဲမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေ ရောက်နေပါတယ်။