မုန်းမြို့နယ်မှာ ဒေသခံ နှစ်ဦး ဒဏ်ရာရ၊ တစ်ထောင်ကျော် ထွက်ပြေးနေ
2023.03.12

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က မတ်လ ၁၁ ရက်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၁၃၅၀ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် လူအရွာက အသက် ၁၄ နှစ်အရွယ် စောအယ်ခူစိုးနဲ့ အသက် ၄၅ နှစ်အရွယ် စောပြည့်စုံ တို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒီအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ရေလဲအနောက်ဘက် ကမ်းရွာနဲ့ သင်္ကန်းပင်ရွာက ဒေသခံ ၁၃၅၀ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
မုန်းမြို့နယ် ကျေးရွာတွေအတွင်း စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မုန်းမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲပေါင်း ရှစ်ထောင် (၈၀၀၀) ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက သတင်း ထုတ်ပြန်ထားပါတယ်။