ဘားအံမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ နိုဝင်ဘာလ ၁၇ ရက်၊ မနေ့ညနေ ၅ နာရီလောက်က BGF တပ်က ပစ်ခတ်မှုကြောင့် မိကရင်ရွာနဲ့ ကော့ဖျံရွာကြားမှာ စပါးရိတ်နေတဲ့ အရပ်သား သုံးဦး လက်နက်ထိမှန်သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီအရပ်သား လေးဦးဟာ စပါးရိတ်သိမ်းပြီး တဲပေါ်နားနေစဉ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲလည်းရှိလို့တော့မဟုတ်ဘူး။ ဒီဘက်ရွာမှာက တိုက်ပွဲလည်း မဖြစ်ဘူး။ အဲဒါကို လာပစ်သွားတာ။ တစ်ယောက်က ကောဖျံရွာသား၊ နှစ်ယောက်က မိကရင်ရွာက မောင်နှမနှစ်ယောက် နေရာတင် သေဆုံးသွားတာ။ ရွာထဲကလူတွေက အခုဆို ကြောက်နေကြတယ်။ အခြေအနေတွေက ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မသိသေးပါဘူး"
သေဆုံးသူတွေအထဲမှာ ပထမတန်းကျောင်းသူတစ်ဦး၊ အသက် ၂၅ နဲ့ အသက် ၃၀ အရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာအပြင်းအထန် ရရှိတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သူကပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက BGF တွေရဲ့ ပစ်ခတ်မှုလို့ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်သေးသလို BGF ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေ အရ ကရင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ပေါင်း ၈၉,၄၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။