အစိုးရမဟုတ်တဲ့အဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေကို မေးခွန်းထုတ်


2018.05.30
kachin-parliament-may30-622.jpg အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ လုပ်ကိုင်နေမှုတွေဟာ တရားဝင်ဆောင်ရွက်တာ ဟုတ်မဟုတ်ကို နောင်မွန်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ မေးမြန်းနေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ဆောင်ရွက်မှုတွေ တရားဝင် ဟုတ် မဟုတ် နောင်မွန်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ဒေသကို အမည်ခံအသုံးချပြီး ဘက်လိုက်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO/NGO နဲ့ CSO အဖွဲ့ တချို့ဟာ ရည်ရွယ်ချက်က တမျိုး ဆောင်ရွက်တာက တမျိုးရှိနေတယ်လို့ နောင်မွန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင် က ပြောပါတယ်။

"တချို့သော INGO/NGO တွေရဲ့ ဘက်လိုက်မှုတွေကြောင့် တချို့ ဖွံ့ဖြိုးမှု နောက်ကျတဲ့ဟာတွေ၊ ကိစ္စတွေရော ရှိတာတွေလည်း တွေ့ရှိရပါတယ်။ ကျနော်တို့ကို အသုံးချတဲ့ INGO/NGO တွေရှိခဲ့မယ်ဆိုရင် ကျနော်တို့ အသုံးချခံဖြစ်မယ်။ တချို့ NGO/INGO တွေကတော့ ရည်ရွယ်ချက်က တမျိုး၊ ဆောင်ရွက်တာက တမျိုး၊ ရောက်နေတဲ့တာက တစ်နေရာ အဲဒီလိုဖြစ်နေတာတွေ ကချင်ပြည်နယ် တချို့နေရာတွေလည်း စပြီး တွေ့လာတာဖြစ်ပါတယ်။ သို့သော် ကျနော်တို့က ဘယ်အဖွဲ့အစည်းက တရားဝင်အဖွဲ့အစည်း မှန်းလည်း ကျနော်တို့က ကိန်းဂဏန်းတွေက မသိတဲ့အတွက်ကြောင့်မို့ တခါတလေ ဖြေရတာတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ဆောင်ရွက်ရတာ အခက်အခဲရှိတာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဒါ မေးခွန်း လေးခုကို တင်ပြရခြင်း ဖြစ်ပါတယ်"

ဒေသတွေကို နာမည်ခံကာ အလှူခံတာတွေ နဲ့ ဘယ်လိုအသုံးပြုနေလဲဆိုတာတွေကို သိနိုင်ဖို့လည်း မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့တွေဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိသလို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်တာတွေ ရှိနေတဲ့အတွက် အဲဒီအဖွဲ့အစည်းတွေရဲ့ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်အစိုးရအနေနဲ့ စစ်ဆေးပိုင်ခွင့်ရှိမရှိကိုလည်း မေးမြန်းခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကို လုပ်ကိုင်နေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်း ၁၀ ဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၁၅ ဖွဲ့ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာနနဲ့ လုပ်ငန်းပူး ပေါင်းဆောင်ရွက်နေတဲ့ CSO အဖွဲ့အစည်း ၆ ဖွဲ့ရှိကြောင်း ပြည်နယ် လူမှုရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ အသင်းအဖွဲ့များ မှတ်ပုံတင်းခြင်းဆိုင်ရာ ဥပဒေအရ မြို့နယ်အဆင့် ၈၈ ဖွဲ့၊ ခရိုင်အဆင့် ၁၄ ဖွဲ့၊  ပြည်နယ်အဆင့် ၁၃ ဖွဲ့နဲ့ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့ပေါင်း ၁၁၅ ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့အစည်းတွေရဲ့ ရငွေသုံးငွေတွေဟာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာရန်ပုံငွေတွေ မဟုတ်တာကြောင့် စစ်ဆေးပိုင်ခွင့်မရှိကြောင်းလည်းဖြေကြားခဲ့ပါတယ်။

အဲဒီလို လူမှုရေးဝန်ကြီးက ဖြေကြားခဲ့တဲ့ အဖွဲ့အစည်းတွေအပြင် တစ်ပြည်နယ်လုံးမှာ သီးခြားအစီအစဉ်တွေနဲ့ လုပ်ကိုင်နေတဲ့ INGO/NGO နဲ့ CSO အဖွဲ့တွေရှိမရှိဆိုတဲ့ ကိစ္စကိုတော့ လွှတ်တော်ကိုယ်စားလှယ် က ထပ်ဆင့်မမေးခဲ့သလို ဝန်ကြီးကလည်း ဖြည့်စွက်ဖြေကြားတာတွေမရှိခဲ့ပါဘူး။

ကချင်ပြည်နယ်မှာ တချို့ ခရိုင် နဲ့ မြို့နယ်တွေဟာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေရဲ့ အကူအညီပေါင်းစုံကို ရရှိနေပြီး တချို့ ခရိုင် နဲ့ မြို့နယ်တွေမှာတော့ အကူအညီတွေမရတဲ့ အခြေအနေတွေရှိနေကြောင်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။