INGO နဲ့ NGO အဖွဲ့တွေ မဖြစ်မနေ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီပြော

RFA Burmese
2023.09.15
INGO နဲ့ NGO အဖွဲ့တွေ မဖြစ်မနေ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီပြော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပသည့် INGO နဲ့ NGO များ မှတ်ပုံတင်ရေးကိစ္စဆွေးနွေးပွဲတွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား တွေ့ရစဉ်။
MOI

မြန်မာနိုင်ငံအတွင်းက ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်း (NGO၊ INGO) တွေအနေနဲ့ မဖြစ်မနေမှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီလို မှတ်ပုံတင်ရင်လည်း အစိုးရ ဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက်တွေ ရယူရမယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ INGO နဲ့ NGO အဖွဲ့တွေ မှတ်ပုံတင်ရေးကိစ္စဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြည်ပက အကူအညီပေးနေတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက INGO နဲ့ NGO အဖွဲ့တွေကို အသုံးချပြီး တရားမဝင်ကိစ္စတွေအတွက် ထောက်ပံ့မှုတွေ မဖြစ်စေဖို့လည်း လိုအပ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း INGO နဲ့ NGO အဖွဲ့အစည်းတွေကို ကြပ်မတ်ထိန်းသိမ်းဖို့ ဩဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ သူ့ရဲ့ ဝန်ကြီးတွေကို ညွှန်ကြားထားတာပါ။

ပြည်ပက အကူအညီတချို့ဟာ INGO နဲ့ NGO အဖွဲ့အစည်းတွေကလာတာဖြစ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေက ဒီအဖွဲ့အစည်းတွေကို အသုံးချနေတာတွေရှိတယ်လို့လည်း သူကဆိုပါတယ်။

INGO နဲ့ NGO အဖွဲ့တွေကတော့ အာဏသိမ်းနောက်ဆက်တွဲ ပြည်တွင်းပဋိပက္ခတွေနဲ့ သဘာ၀ဘေးဒဏ်သင့်ပြည်သူတွေအတွက် ကူညီပေးနေမှုအပေါ် စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်မှုတွေလုပ်နေတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောကြပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးရေးကို ကန့်သတ်ထိန်းချုပ်မှုတွေ သိသိသာသာ မြင့်တက်လာကြောင်း စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဲဒီ ကန့်သတ်ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးဖို့နဲ့ ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီမှုတွေ မဖြစ်မနေလိုအပ်နေတယ်လို့လည်း UNOCHA က အသိပေးထားပါတယ်။

စစ်ကောင်စီကတော့ အရပ်ဘက်အဖွဲ့တွေ မဖြစ်မနေ မှတ်ပုံတင်ဖို့လိုအပ်ပြီး မှတ်ပုံမတင်ဘဲလုပ်ကိုင်ရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဆယ်သိန်း ချမှတ်ခံရနိုင်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။