ရခိုင်ပြည်နယ် စစ်တွေမြို့က Lutheran World Federation Myanmar (LWF) နိုင်ငံတကာ လူမှုအဖွဲ့အစည်းက ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုလှိုင်မျိုးအောင်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနေ့ မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး အများပြည်သူအကျိုးကိုပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - (က) နဲ့ အမှုဖွင့်ခံထားရပါတယ်။
ကိုလှိုင်မျိုးအောင်ဟာ LWF စစ်တွေရုံးရဲ့ Training Officer ကိုတစ်ဦးဖြစ်ပြီး အရပ်ဝတ်နဲ့ လူငါးယောက်လောက်က သူနေတဲ့အဆောင်ကနေ လာရောက်ဖမ်းဆီးသွားတာလို့ အမည် မဖော်လိုတဲ့ မျက်မြင်အိမ်နီးချင်းတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မနက် ၁၀ နာရီလောက်မှာ အဲဒီအဆောင်နားမှာ လူငါးယောက်လောက်နဲ့ စုရုန်းစုရုန်းမြင်လိုက်တယ်။ အစကတော့ သူ့သူငယ်ချင်းတွေနဲ့ ပြောနေတာထင်လို့ အရေးမစိုက်လိုက်ဘူး။ ဒီနေ့ မနက်မှာပဲ သူ့ကိုဖမ်းဆီးသွားတာလို့ သိရတာ”
စစ်တွေမြို့မ ရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း ကိုလှိုင်မျိုးအောင် ဖမ်းဆီးခံရတာမှန်ကြောင်းနဲ့ သူ့ကို စစ်တွေမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှာ ထိန်းသိမ်း စစ်ဆေးနေကြောင်း ပြောပါတယ်။
ကိုလှိုင်မျိုးအောင်ဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာမှာတင်ထားတဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - (က) နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပြီး အမှုအသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။
ကိုလှိုင်မျိုးအောင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Lutheran World Federation Myanmar(LWF) ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-(က)ဟာ ထောင်ဒဏ် သုံးနှစ်အထိချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။