အမြုတေကောင်စီ ပြန်လည်ဖွဲ့စည်းဖို့ ပြန်ကြားရေးဝန်ကြီးပြော
2012.09.09
ဒ့ါအပြင် သတင်းမီဒီယာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်မှာ အဆိုတင်သွင်းမယ့် မီဒီယာဥပဒေ မူကြမ်းကို သတင်းစာနယ်ဇင်း အဖွဲ့အစည်းတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်ကြည် က ပြောခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU) ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးဇော်သက်ထွေးက RFA ကိုပြောပါတယ်။
"မကြာသေးခင်က နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီပေါ့။ အဲဒီ အမြုတေ စာနယ်ဇင်းကောင်စီ ပြီးခဲ့တဲ့ ဖွဲ့တုန်းက သူက All impurity မဖြစ်ဘူးလို့ ယူဆတဲ့ အခါကျတော့ အခုအားလုံး ပါဝင်နိုင်မဲ့ အမြုတေစာနယ်ဇင်း ကောင်စီတစ်ခုကို ဖွဲ့စေချင်တယ်။ နောက်တစ်ခုက ဒီအဖွဲ့ကနေပြီးတော့မှ ကျွန်တော်တို့ ဒီစာပေ မီဒီယာနယ်ပယ်နဲ့ အစိုးရကြားမှာ ကျွန်တော်တို့ ပေါင်းကူးတံတား တစ်ခုဖြစ်စေချင်တယ်။ နောက်တစ်ခုက ဒီ အမြုတေ စာနယ်ဇင်းကောင်စီရှိတဲ့ အတွက်ကြောင့် မီဒီယာတွေက တစ်ခု ပြဿနာဖြစ်ရင် မဟုတ်ရင်၊ ၁၉၆၂ ခု ပုံနှိပ်အက်ဥပဒေနဲ့ တရားရုံးနဲ့ တိုက်ရိုက် ထိဆက်တာမျိုး ဖြစ်နေမယ်။ ဒါကြောင့်ကြားထဲမှာ Buffer zone လိုမျိုး ကျွန်တော်တို့ ဒီလိုမျိုး အဖွဲ့ရှိနေရင် မီဒီယာသမားတွေ အတွက်လည်း အဆင်ပြေပြေ သတင်းယူလို့ရမယ်လို့ ဝန်ကြီးက ပြောပါတယ်"
အခုလိုမျိုး ဝန်ကြီးဌာနရဲ့ တာဝန်ရှိပုဂ္ဂိုလ်နဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကြား နားလည်မှု တည်ဆောက်နိုင်ဖို့ အခွင့်အလမ်း ဖြစ်ပေါ်လာတာဟာ အပြုသဘောဆောင်တဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့ ဦးဇော်သက်ထွေးက ဆိုပါတယ်။
"ကျွန်တော်တို့ ဝန်ကြီးသစ်ရဲ့ ပုံစံကို ကျွန်တော်တို့ အကဲခတ်ကြည့်တာ သူက နံပါတ်တစ် ရိုသားမှုရှိတယ် ဆိုတာကို တွေ့ရပါတယ်။ နံပါတ်နှစ်က ပွင့်လင်းမှု ရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲတော့ ကျွန်တော်တို့ဘက်က စဉ်းစားတာက ကျွန်တော်တို့ ဒီလိုမျိုး တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပြီးတဲ့ အခါမှာ မီဒီယာ လောကရဲ့ ပိုမိုကောင်းမွန်တဲ့ လွတ်လပ်ခွင့်တွေ နောက်ပြီးတော့ မီဒီယာသမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးမဲ့ အရာတွေကို ရဖို့အတွက်ကိုတော့ ဒီအခြေအနေမှာ ပူးပေါင်း တည်ဆောက်သွားဖို့ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်"
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒီကနေ့ တွေ့ဆုံတဲ့ သတင်းစာနယ်ဇင်း အဖွဲ့တွေထဲမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ရက် (MJN) က ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။