နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်သက်ထွေး ပြန်လည်လွတ်မြောက်

2022.10.30
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်သက်ထွေး ပြန်လည်လွတ်မြောက် ဦးဇော်သက်ထွေးအား တွေ့ရစဉ်။
Photo: Zaw Thet Htwe

နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးဇော်သက်ထွေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးခံခဲ့ ရပြီးနောက် ၁၀ ရက်အကြာ မနေ့ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူ(ဦးဇော်သက်ထွေး) မနေ့ကတည်းက လွတ်လာတာ ဟုတ်ပါတယ်။ အဓိကကတော့ လူမှုကွန်ရက်နဲ့ ပတ်သက်ပြီးတော့ ရေးသားခဲ့တာတွေ မီဒီယာ အင်တာဗျူးတွေ အကြောင်း ခေါ်မေးတာမျိုးပဲ။ ပေါင်ချိန်ကျသွားတာလွဲရင် ကျန်းမာရေးလည်း ကောင်းပါတယ်။ အခု အေးဆေးပါပဲ”

ဦးဇော်သက်ထွေးဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးမှု၊ တရားမဝင် ဆက်သွယ်မှုတို့နဲ့ ၁၉၉၀ ပြည့်နှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၀၃ ခုနှစ်မှာလည်း ထပ်မံဖမ်းဆီးခံခဲ့ရပြီး သေဒဏ်ချမှတ်ခံခဲ့ရသူပါ။ ၂၀၁၂ ခုနှစ်မှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သရက်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။

ဦးဇော်သက်ထွေးဟာ အခုလက်ရှိ ပုဂ္ဂလိက ရုပ်သံကုမ္ပဏီတွေမှာ မီဒီယာအကြံပေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက် အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ လ ၂၈ ရက်နေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂,၇၈၃ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာ သူ ၃,၁၈၁ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။