လှိုင်သာယာ စက်မှုဇုန်အလုပ်သမား ကိုယ်စားလှယ်များ သတင်းစာရှင်းလင်း

အလုပ်ရှင်တွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ စက်ရုံ (၁၅) ခုက အလုပ်သမား ကိုယ်စားလှယ် (၅၀) လောက် ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။

2012.08.19

ဒီသတင်းစာ ရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် နဝဒေးအိမ်ယာမှာ ရှိတဲ့ ရတနာတိုး စားသောက်ဆိုင်မှာ  ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ စက်ရုံတိုင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အားလုံး တန်းတူ အခွင့်အရေး ရရှိဖို့ အလေးထား ဆွေးနွေးခဲ့တယ်လို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုရဲမင်းနိုင်က RFA ကို ပြောပါတယ်။

အလုပ်ရှင်က စာချုပ်ပါ စည်းကမ်းချိုးဖောက်ရင် အရေးယူနိုင်ဖို့၊ ဆန္ဒပြသည် ဖြစ်စေ မပြသည် ဖြစ်စေ အလုပ်သမား တန်းတူ အခွင့်အရေးရရှိစေဖို့ ဖြစ်ကြောင်း ပြောပါတယ်။

အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ အကြား သဘောတူညီထားတဲ့ စာချုပ်ပါ အချက်တွေကို အလုပ်ရှင်တွေဘက်က အလွယ်တကူ ချိုးဖောက်နေကြတဲ့ အပေါ် အရေးယူ ဆောင်ရွက်နိုင်တဲ့ တရားဥပဒေ မရှိသေးတာဟာ အားနည်းချက် တစ်ခု ဖြစ်နေတယ်လို့ အဲဒီသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ အလုပ်သမား အရေး ဆောင်ရွက်နေသူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က မသက်သက်အောင်က ပြောပါတယ်။

အလုပ်သမားတွေကိုသာ အလုပ်ထုတ်နိုင်တဲ့ ဥပဒေများ ထဲ့သွင်းထားပြီး အလုပ်ရှင်ကို ဥပဒေချိုးဖောက်မှုနဲ့ အရေးယူနိုင်မယ့် ပုဒ်မများကို ဖော်ပြထားတာ မတွေ့ရကြောင်း ပြောပါတယ်။

လှိုင်သာယာ စက်မှုဇုံက စက်ရုံအချို့မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ အခြား အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ မေလဆန်းကစလို့ ဆက်တိုက် ဆိုသလို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် အာဏာပိုင်တွေရဲ့ ကြီးကြပ်မှုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား နှစ်ဖက် သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ အလုပ်ရှင် အများစုက အဲဒီ စာချုပ်ပါ အချက်တွေကို လိုက်နာ ဆောင်ရွက်မှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို လှိုင်သာယာ စက်မှုဇုံမှာရှိတဲ့  လပ်ကီး ရှူးဖိနပ် စက်ရုံ၊ မိုင်းတပ် အထည်ချုပ် စက်ရုံ၊ မြန်မာပုလဲ အထည်ချုပ် စက်ရုံ၊ မြန်မာဆန်နီ ဖိနပ်စက်ရုံ စတဲ့ စက်ရုံ အသီးသီးက အလုပ်သမား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။