မြန်မာ့ရွေးကောက်ပွဲ မျှော်လင့်ချက်ရှိကြောင်း အိန္ဒိယ ပြောဆို
2010.10.01

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အိန္ဒိယ အမျိုးသား လုံခြုံရေးအကြံပေး ရှဝိ ရှန်ကာ မီနွန်က ဝါရှင်တန်ဒီစီ ကာနေဂီ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ရုံးမှာ စက်တင်ဘာ ၃၀ ရက် ကြာသပေတေးနေ့က ပြောဆိုခဲ့တာပါ။
ဒီမိုကရေစီကို ပြန်တည်ဆောက်ပြီး နိုင်ငံတကာ ရေစီးကြောင်းထဲကို ပြန်ဝင်မယ်လို့ မြန်မာစစ်အစိုးရကိုယ်တိုင် ပြောဆိုထားတဲ့အတိုင်း ဆောင်ရွက်အောင် အားပေးဖို့အတွက် မိမိတို့ဟာ မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံနေပါတယ်၊ လာမဲ့ရွေးကောက်ပွဲဟာ မြန်မာပြည် အသွင်ကူးပြောင်းရေးအတွက် ခြေလှမ်းကြီးတရပ် ဖြစ်ပါတယ်၊ ဒါပေမဲ့ မှန်ကန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာအောင် မြန်မာတွေနဲ့အတူ မိမိတို့အားလုံး ပူးပေါင်း လုပ်ဆောင် ကြရမှာဖြစ်ပါတယ် လို့ မစ္စတာ မီနွန်က ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒဟာ မြန်မာနယ်စပ်မှာ ခိုလှုံပြီး အိန္ဒိယအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ သူပုန်သူကန်နှိမ်နင်းရေးနဲ့ တစိတ်တပိုင်း ဆက်စပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
မြန်မာပြည် ရွေးကောက်ပွဲအပေါ် ဝေဖန်သံတွေ အကျယ်အပြန့် ထွက်ပေါ်နေချိန်မှာ အိန္ဒိယအမျိုးသား လုံခြုံရေး အကြံပေး မစ္စတာမီနွန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။