အိန္ဒိယမှာဖမ်းဆီးခံရတဲ့ မြန်မာတွေကို မတ်လကုန်နောက်ဆုံးထားပြီး ပြန်ပို့ဖို့ စီစဉ်

RFA Burmese
2024.03.27
အိန္ဒိယမှာဖမ်းဆီးခံရတဲ့ မြန်မာတွေကို မတ်လကုန်နောက်ဆုံးထားပြီး ပြန်ပို့ဖို့ စီစဉ် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
N.Biren Singh/ Twitter

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇၆ ဦးကို မဏိပူရ်အစိုးရက မတ်လကုန်နောက်ဆုံးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပြစ်ဒဏ်စေ့တဲ့အတွက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့စီစဉ်တာလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မိုးရေးမြို့ကနေ မြန်မာနိုင်ငံ တမူးမြို့ကို ပြန်ပို့ဖို့စီစဉ်ထားတာပါ။ ပထမအကြိမ်ပြန်ပို့မယ့် မြန်မာ ၃၈ ဦးကို အင်ဖာထောင်ကနေ မိုးရေးမြို့အိန္ဒိယတပ်စခန်းတစ်ခုဆီ ပို့ဆောင်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

တကယ်လို့ မတ်လကုန်အထိ စစ်ကောင်စီက ပြန်မခေါ်ခဲ့ရင် မြန်မာနိုင်ငံသားတွေကို အင်ဖာထောင်အတွင်း ပြန်ပို့ဖို့ အိန္ဒိယအစိုးရက စီစဉ်ထားတယ်လို့ ဒီအကြောင်းကိုသိတဲ့ မိုးရေးရောက် မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။

"မြန်မာနိုင်ငံကိုပြန်ဖို့ တရားဝင်ကတ် လုပ်ပေးထားတယ်။ ကျွန်မတို့ကိုစောင့်တဲ့ တာဝန်ရှိ ရဲတစ်ယောက်ပြောတာက နင်တို့မြန်မာပြည်က မတ်လကုန်အထိ ပြန်မခေါ်ဘူးဆိုရင် နင်တို့ အင်ဖာထောင်ထဲကို ပြန်ပို့မယ်တဲ့"

မြန်မာတွေကတော့ အကျဉ်းထောင်ထဲ ပြန်မသွားချင်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က မြန်မာသံရုံးနဲ့ ရန်ကုန်မြို့က အိန္ဒိယသံရုံးတွေကို RFA က အီးမေးလ်ပို့၊ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

ပြန်ပို့ဖို့စီစဉ်ထားတဲ့ မြန်မာနိုင်ငံသား ၇၆ ဦးမှာ အမျိုးသမီး ၅၆ ဦး၊ အမျိုးသား နှစ်ဆယ်ရှိပြီး အဲဒီထဲမှာ ကလေး ကိုးဦး ပါဝင်တယ်လို့ မြန်မာဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များကော်မတီ (BRCK) တော့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ အိန္ဒိယအစိုးရကို မတ်လ ၂၄ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

India for Myanmar ရဲ့စာရင်းအရ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ရှိပါတယ်။ အဲဒီထဲက ရှစ်ဆယ်ဝန်းကျင်ဟာ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။