ပြန်ပို့တဲ့ မွတ်စလင် ၇ ဦး အသတ်ခံရမယ်လို့ အိန္ဒိယမှာ ကျန်နေတဲ့ဒုက္ခသည်တွေ စိုးရိမ်နေ
2018.10.07

အိန္ဒိယအစိုးရက မြန်မာပြည်ကို ပြန်ပို့ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင် ၇ ဦးကို မြန်မာဘက်က မကြာခင် သတ်ဖြတ်လိမ့် မယ်လို့ အိန္ဒိယမှာကျန်နေတဲ့ ဒုက္ခသည်တွေက စိုးရိမ်ကြောက်လန့်နေကြပြီး သူတို့ကို ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အာသံပြည်နယ် ဆယ်ချားဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ အမျိုးသား ၇ ဦးကို မိုရေးနယ်စပ်မြို့ကတဆင့် မြန်မာဘက်ကို ပြန်ပို့ခဲ့အပြီး သူတို့ကို မြန်မာဘက်မှာ သတ်ဖြတ်နိုင်တယ်လို့ ဒေလီမြို့ အနီး ကာလင်နီကူဂျာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင်တွေက တွေးတောကြောက်လန့်နေကြတယ်လို့ ဒီကနေ့ အိန္ဒိယဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မိမိတို့နိုင်ငံမှာ ငြိမ်းချမ်းတဲ့အထိ အိန္ဒိယမှာ နေခွင့်ပြုဖို့ အိန္ဒိယအစိုးရကို တောင်းဆိုကြောင်း၊ ပြန်ပို့တဲ့ ၇ ဦးကို မကြာခင် အသတ်ခံရဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံက ၂ဝ၁၂ ကထွက်ပြေးလာတာဟာ မိမိတို့နိုင်ငံမှာ အခက်အခဲ မျိုးစုံတွေ့ကြုံရလို့ဖြစ်ပြီး လောဘကြောင့် ထွက်ပြေးလာကြတာ မဟုတ်ကြောင်း၊ ဘယ်သူမှ မိမိနေရပ်ကနေ ထွက်ပြေးချင်သူမရှိကြောင်း ဒုက္ခသည်တွေက ပြောကြားတယ်လို့ အိန္ဒိယထုတ် News X သတင်းဌာနက ရေးပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မွတ်စလင် ၇ ဦးကို မြန်မာနိုင်ငံ ပြန်ပို့ခဲ့တဲ့အတွက် အထူးစိုးရိမ်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည် ၄ သောင်းခန့်ရှိတယ်လို့ သိရပါတယ်။