မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း
2024.07.03

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေဟာ အစာငတ်ခံဆန္ဒပြမှုကို ဇူလိုင် ၃ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းထားတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India For Myanmar ထုတ်ပြန်ပါတယ်။
အစာငတ်ခံဆန္ဒပြပြီး ၁၃ ရက်အကြာမှာ ဆန္ဒပြမှုကို ယာယီရပ်ဆိုင်းဖို့ ထောင်အာဏာပိုင်တွေနဲ့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။
သဘောတူညီချက်တွေကတော့ အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းသားတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုအတိုင်း မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး မဏိပူရ်ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကိုယ်စား ဗဟိုအစိုးရကို တောင်းဆိုပေးဖို့ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ပထမတောင်းဆိုချက်ကို ချက်ချင်းမရနိုင်ရင် အင်ဖာထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာဒုက္ခသည်အားလုံးကို ချူရာချန်ပူရ် ဒါမှမဟုတ် မီဇိုရမ် အကျဉ်းထောင်တွေကို ပြောင်းရွှေ့ပေးရေး ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကိုယ်စား ဗဟိုအစိုးရကို တောင်းဆိုပေးဖို့ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက်တွေကို အမြန်ဆုံး မလိုက်လျောပေးရင်တော့ အစာငတ်ခံဆန္ဒပြတာကို ပြန်လည်စတင်မှာဖြစ်တယ်လို့ India For Myanmar က ဖော်ပြပါတယ်။
အင်ဖာအကျဉ်းထောင်နဲ့ နီးစပ်တဲ့ အိန္ဒိယရောက် မြန်မာနိုင်ငံသားတစ်ဦးကတော့ အစာငတ်ခံဆန္ဒပြသူတွေထဲမှာ ၁၁ ဦးက ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဆန္ဒပြတာကို ယာယီရပ်ဆိုင်းတာလို့ RFA ကို ပြောပါတယ်။
“ရပ်တယ်ဆိုတာက ယာယီပါ။ အဲဒီမှာ ဆန္ဒပြတဲ့အထဲက ၁၁ ယောက်က ကျန်းမာရေးအခြေအနေ တော်တော်လေး ဆိုးနေပါတယ်။ ဒါကြောင့် သူတို့အတွက် ယာယီရပ်တဲ့သဘောပါ”
ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ အတင်းအကျပ် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဇွန်လ ၁၆ ရက်နေ့ကစပြီး အကျဉ်းသား ၉၉ ဦး အစာငတ်ခံ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အင်ဖာအကျဉ်းထောင်က အစာငတ်ခံဆန္ဒပြတဲ့ အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေက ထောက်ပံ့တဲ့ အရာအားလုံးကို ငြင်းပယ်ပြီး ထောင်စိုက်ခင်းမှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ စားသောက်ပြီး ရှင်သန်နေရတယ်လို့ India For Myanmar က ဖော်ပြပါတယ်။
ဒါကြောင့် အကျဉ်းသားအချို့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး ပုံမှန်အခြေအနေပြန်ဖြစ်ဖို့ အကျဉ်းသားတွေအားလုံး အာဟာရရှိတဲ့ အစားအသောက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာဒုက္ခသည် အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေအတွက် ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်အရေးပေါ် လိုအပ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အိန္ဒိယ ဗဟိုအစိုးရကို ဝိုင်းဝန်းဖိအားပေးကြဖို့ India For Myanmar က တောင်းဆိုထားပါတယ်။