အိန္ဒိယလွှတ်တော်အမတ်များ ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

အိန္ဒိယ လွှတ်တော်အမတ် Dr.Thokchom Meinya ဦးဆောင်တဲ့ အဖွဲ့ဝင် (၆) ဦးတို့ဟာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုပြုံးချိုတို့နဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပထမဦးဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

2012.09.11
india-parliament-member-88-gs-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က အိန္ဒိယ လွှတ်တော်အမတ် Dr.Thokchom Meinya ဦးဆောင်သည့်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်။
Photo courtesy of 88 Generation Students

စီပွားရေးအရ အကျိုးအမြတ် မကြည့်ဘဲ ဒီမိုကရေစီနည်းကျ နှစ်နိုင်ငံ ပြည်သူတွေ အကျိုးကို အဓိကထား ဆက်ဆံသင့်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

"သူတို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို ကျွန်တော်ကို့ အမြဲတမ်း စောင့်ကြည့်နေတယ် ဆိုတာကို သတင်းစကား ပါးပါတယ်။ အဲဒီမှာ အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ပွင့်ပွင့် လင်းလင်းပဲ ပြောပါတယ်။ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်းကိုပဲ ဘယ်တော့မှ မကြည့်ပါနဲ့။ ဒါဟာ ကာလတို အကျိုးစီးပွားပဲ ဖြစ်ပါလိမ့်မယ်။ တိုင်းပြည် တစ်ပြည်နဲ့ တစ်ပြည် ဆက်ဆံရေးဟာ ပြည်သူတွေရဲ့ ဆက်ဆံရေးပဲ ဖြစ်သင့်တယ်"

အိန္ဒိယ လွှတ်တော်အမတ်တွေဘက်ကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် သဘောထား အမြင်တွေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလမှာ ပေါ်ပေါက် လာနိုင်တဲ့ မြန်မာ့ နိုင်ငံရေးအလားအလာတွေကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီကလည်း ပြောပါတယ်။

"သူတို့ဆီကတော့ လက်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ အဲတာကို ဘယ်လိုမြင်သလဲ။ တကယ်လို့ သမ္မတရဲ့ သက်တမ်းဟာ ဘယ်လောက်အထိ ရှိနိုင်မလဲ။ သူမရှိတော့ရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ မေးခွန်း တွေ။ နောက်ပြီးတော့ ကျွန်တော်တို့က ၂၀၁၅ မှာ ဘယ်လိုရပ်တည်မှာလဲ။ ဒီမေးခွန်း နှစ်ခုကို ကျွန်တော်တို့ကို မေးပါတယ်"

မိမိတို့ အဖွဲ့အနေနဲ့ အိန္ဒိယနိုင်ငံက တခြားအဖွဲ့အစည်းတွေနဲ့လည်း ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။