၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ မိခင်ကွယ်လွန်
2024.07.06
စစ်ကောင်စီရဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုရဲ့မိခင် ဒေါ်အမာညွန့်ဟာ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဇူလိုင်လ ၆ ရက် ညနေပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ကိုဂျင်မီရဲ့ဇနီး မနီလာသိန်းက ဒေါ်အမာညွန့်ဆုံးတာကို RFA ကို အတည်ပြုပြောပါတယ်။
“အမေက ဒီနေ့ ညနေ ၆ နာရီခွဲမှာ ဆုံးသွားပါတယ်၊ အမေ အသက်က ၇၈ နှစ်ရှိနေပြီ၊ ဈာပနကတော့ သုံးရက်ထားပါမယ်"
ဒေါ်အမာညွန့် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးကလည်း အခုလို ပြောပါတယ်။
“ဇူလိုင် ၅ ရက်နေ့ မနက် ၅ နာရီလောက်က ချမ်းစိမ့်ပြီး တုန်တယ်။ အန်ချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မအန်ဘူး။ သလိပ်နည်းနည်းပဲ ထွက်တယ်။ ရင်ကျပ်တယ်ပေါ့။ အဲနောက်ပိုင်း ကောင်းသွားတယ်။ ပုံမှန်ပဲ စားသောက်နေပြီးတော့ ဒီနေ့ ၆ ရက်နေ့ နေ့ခင်း ၃ နာရီကျော်ကျော်လောက်မှာ အသက်ရှုကျပ်လာတာပေါ့။ အဲတော့ Ambulance ခေါ်တယ်၊ ဆေးရုံးကားပေါ်တင်ပြီးတော့ ခေါ်သွားတာပေါ့။ Emergency ထဲထည့်ပြီးတော့ စက်တွေဘာတွေနဲ့ လုပ်နေရင်းနဲ့ ဆုံးသွားတာ”
ဒေါ်အမာညွန့် ဟာ ကွယ်လွန်ချိန်မှာ ၇၈ နှစ်ရှိပြီဖြစ်ပြီး သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါအခံတွေ ရှိတယ်လို့လည်း အဲဒီမိသားစုဝင်က ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက်နေ့ ကိုဂျင်မီ ကြိုးပေးခံရတာကို စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက်မှာ ရန်ကုန်မြို့က ကိုဂျင်မီရဲ့ မိခင်အိမ်ကို စစ်ကောင်စီလက်အောက်ခံ လူတစ်စုက ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့တာကြောင့် နောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်က မြို့တစ်မြို့မှာ ပြောင်းရွှေ့နေထိုင်နေကြရတာလို့လည်း သိရပါတယ်။
ဒေါ်အမာညွန့်ဟာ ကိုမျိုးမင်းယု၊ ကိုကျော်မင်းယုနဲ့ မသန္တာယုတို့ သားသမီး သုံးယောက်ထွန်းကားခဲ့ပါတယ်။ စာပေနဲ့ အနုပညာလောကမှာ လူသိများထင်ရှားတဲ့ စာရေးဆရာ မျိုးကိုမျိုး (ခေါ်) ဦးမျိုးမင်းယုက ၂၀၂၁ သြဂုတ်လ ၁၇ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။