ဒီမိုကရေစီရေးလှုပ်ရှားသူ ငါးဦးကို ကွပ်မျက်မဲ့ကိစ္စ ချက်ချင်းရပ်ဖို့ APHR တောင်းဆို

RFA Burmese
2024.09.20
ဒီမိုကရေစီရေးလှုပ်ရှားသူ ငါးဦးကို ကွပ်မျက်မဲ့ကိစ္စ ချက်ချင်းရပ်ဖို့ APHR တောင်းဆို ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ မမြတ်ဖြိုးပွင့်၊ ကိုကောင်းပြည့်စုံဦး၊ ကိုဆန်းမင်းအောင်၊ ကိုကျော်ဝင်းစိုးနဲ့ ကိုဇေယျာဖြိုးတို့ကို တွေ့ရစဉ်။
Myanmar Military

သေဒဏ်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ငါးဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီက စီစဉ်နေတာကို ချက်ချင်းရပ်ဆိုင်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်ပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးဦးကို လာမဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ဖို့ရှိနေတယ်လို့ လူမှုကွန်ရက်စာမျက်နှာ Facebook မှာ သတင်းတွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး APHR က အခုလို တောင်းဆိုလိုက်တာပါ။

APHR ဥက္ကဋ္ဌ Ms. Barends က သူတို့ကို လွှတ်ပေးဖို့အပြင် ဖမ်းဆီးထားစဉ်ကာလအတွင်းမှာလည်း ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိသားစုနဲ့တွေ့ခွင့်ရဖို့ တောင်းဆိုလိုက်ပါတယ်။

APHR အဖွဲ့ဝင် မလေးရှားလွှတ်တော်အမတ် Wong Chen က သဘောထားကွဲလွဲမှုတွေကို နှိမ်နှင်းဖို့ လက်နက်တစ်ခုအနေနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်အသုံးပြုတာ လက်ခံနိုင်စရာမရှိသလို အပြင်းထန်ဆုံး ရှုတ်ချရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်လွှတ်တော်အမတ် Arlene D. Brosas ကလည်း စစ်ကောင်စီက ကွပ်မျက်မှုတွေကို ဆက်ပြီးအသုံးပြုနေတာဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် သိသာထင်ရှားတဲ့ ဆုတ်ယုတ်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကွပ်မျက်မှုဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆန္ဒကင်းမဲ့မှုကို ပြသနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်က ရန်ကုန်မြို့ပတ်ရထားပေါ် သေနတ်နဲ့ပစ်ခတ်မှုကြောင့် ရဲခြောက်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် သူတို့ငါးဦးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်‌ မေလ ၁၈ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာပါ။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှား လေးဦးကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။