သေဒဏ်စီရင်မှုကို ဆန့်ကျင်ကြောင်း နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ

2022.08.05
သေဒဏ်စီရင်မှုကို ဆန့်ကျင်ကြောင်း နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ မန္တလေး အိုးဘိုထောင်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို စစ်ကောင် စီက သေဒဏ်စီရင်ခဲ့တာကို ဆန့်ကျင်ကြောင်း မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေတယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်သူတွေ က RFA ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သေဒဏ်ပေးတာကို ဆက်လက်ပြုလုပ်နေမယ်ဆိုရင် သူတို့ရဲ့ တိုက်ပွဲ ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားမယ်လို့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေက ကြေညာထားကြောင်းလည်း အိုးဘိုထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူတို့ရဲ့ကြေညာချက်ထဲမှာ တိုက်ပွဲကို အဆင့်ဆင့် မြှင့်တင်သွားမယ်ဆိုတာပါတယ်။ ဘာကိုရည်ရွယ်သလဲဆိုရင် နောက်ဆုံးအစာငတ်ခံတဲ့ သပိတ်အထိ လုပ်သွားမယ်ပေါ့။ သေဒဏ်ပေးတာ မရပ်မချင်း အစာငတ်ခံမယ်လို့ ကြေညာသွားတယ်။ ဩဂုတ်လ ၁ ရက် နေ့ကနေစပြီး တရားရေးစနစ်ကို သူတို့ ရုန်းမထွက်တော့ဘဲနဲ့ သပိတ်မှောက်ကြတယ်။ အခုနောက်ဆုံးကြားတဲ့ သတင်းအရ သူတို့ရဲ့ အစာငတ်ခံ တိုက်ပွဲလည်း စနေပြီလို့ သိရတယ်”

အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကြေညာချက်ထဲမှာ အချက်လေးချက် ပါဝင်ပြီး ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို လက်တွေ့သေဒဏ်စီရင် လိုက်တဲ့အတွက် မတရားတဲ့ တရားစီရင်ရေးနဲ့ သေဒဏ်ချမှတ်မှုကို ကန့်ကွက်ကြောင်း၊ သေဒဏ်စီရင်ခံခဲ့ရသူတွေကို နိုင်ငံ့သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပါဝင်ပါတယ်။

ဒါ့အပြင် ဒီလို ပေးဆပ်ခဲ့မှုတွေအတွက် အချည်းအနှီးမဖြစ်စေဘဲ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပိုမိုစည်းလုံး ညီညွတ်စွာနဲ့ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့လည်း တိုက် တွန်းထားပါတယ်။

နောက်ဆုံးအချက်ကတော့ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရားစီရင်ရေးစနစ်ကို ပူးပေါင်းပါဝင်တော့မှာ မဟုတ်ဘဲ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစပြီး တရားရုံးတွေကို သပိတ်မှောက်ကာ တရားမျှတမှု ရရှိရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် တောင်းဆိုသွားမယ် လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ ရမည်းသင်းအကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေ ကလည်း သေဒဏ်လက်တွေ့စီရင်မှုကို ကန့်ကွက်ကြောင်း အခုရက်ပိုင်းမှာပဲ စာထုတ်ပြန် လာပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁ မှာပါတဲ့ လူသားတိုင်း အသက်ရှင်သန်ခွင့်နဲ့ လုံခြုံခွင့်ရှိတယ်ဆိုတဲ့ အချက်ကို စစ်ကောင်စီက ဖောက်ဖျက်ပြီးတော့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို သေဒဏ်စီရင်ခြင်းအတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

သူတို့ လေးဦးအတွက် ရည်ရွယ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့က ရမည်းသင်းအကျဉ်းထောင် ထဲမှာ သင်္ကန်းဆက်ကပ် လှူဒါန်းခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ လတ်တလော အကျဉ်းထောင်ထဲမှာ သေဒဏ်အမိန့်ချခံထားရသူ စုစုပေါင်း ၇၇ ဦးရှိနေပြီး စစ်ကောင်စီက ဦးဂျင်မီတို့ လေးဦးကို လက်တွေ့ကွပ်မျက်လိုက်တာကြောင့် ကျန်သူအား လုံးရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ကာယကံရှင်မိသားစုဝင် တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။