အင်းစိန်ထောင် ကွပ်မျက်မိန့်သတင်း မိသားစု အတည်မပြု

RFA Burmese
2024.09.24
အင်းစိန်ထောင် ကွပ်မျက်မိန့်သတင်း မိသားစု အတည်မပြု ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို စက်တင်ဘာလ ၂၄ ရက် ဒီနေ့မှာ ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို အသိပေး အကြောင်းကြားလာတာ မရှိသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း အသိုင်းအ၀ိုင်းနဲ့ နိုင်ငံရေး အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေ ကလည်း ဒီကိစ္စကို မျက်ခြေမပြတ်စောင့်ကြည့်နေကြပေမဲ့ ဒီနေ့နေ့လယ်ပိုင်းအထိ ထောင်တွင်းသတင်းတွေ ထွက်လာတာမရှိသေးသလို အတည်ပြုနိုင်ဖို့အတွက်လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၃ ရက် မနေ့ကတော့ အင်းစိန်ထောင်ကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေဒဏ်ကျနေသူ နှစ်ဦးကို ထောင်တွင်းမှာ ကြိုးပေးကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ ကြိုးပေးကွပ်မျက်ခံလိုက်ရတယ်လို့ သတင်းထွက်နေသူ နှစ်ဦးရဲ့ မိသားစုတွေဟာ မနက်ဖြန်မှာ ထောင်ဝင်စာတွေ့ဖို့ရှိနေပြီး ဒီနေ့မှာတော့ အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

“မနေ့ကတော့ နှစ်ယောက်ကြိုးပေးခံရတယ်လို့ ကြားတယ်။ ဒီနေ့ ငါးယောက်လို့ ကြားနေတာရှိတယ်။ ဒါပေမဲ့ မနေ့က ကြိုးပေးခံရတယ်လို့ အသံထွက်နေတဲ့ နှစ်ယောက်ရဲ့ မိသားစုဝင်တွေဟာ မနက်ဖြန်မှာ ထောင်ဝင်စာ တွေ့ဖို့ရှိပါတယ်။ အဲဒါကြောင့် ထောင်ဝင်စာတွေ့ခွင့် ရခြင်း၊ မရခြင်းပေါ်မှာပဲ ဒီကိစ္စကို ကျွန်တော်တို့ အတည်ပြုလို့ရမှာပေါ့နော်”

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ အလုံဘူတာမှာ ရထားရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ တရားစီရင်မှု မဟုတ်ဘဲ ထောင်တွင်းအထူး တရားရုံးနဲ့ သေဒဏ်အမိန့်ချထားတဲ့ လူငယ်ငါးယောက်ကို ဒီနေ့မှာ ကြိုးပေးကွပ်မျက်ဖို့ အင်းစိန် ထောင်ထဲမှာ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

သတင်းထွက်လာတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးဦးကို ရထားရဲတွေကို တိုက်ခိုက်တဲ့ဖြစ်ရပ်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီး၊ ၂၀၂၃ ခုနှစ် မေလမှာ သေဒဏ်တွေ ချမှတ်ထားတာပါ။

အခုလို နိုင်ကျဉ်းတချို့ကို စစ်ကောင်စီက ကြိုးပေးဖို့ စီစဉ်နေတဲ့အကြောင်း သတင်းထွက်ပေါ်နေတဲ့ အတောအတွင်းမှာပဲ ကွပ်မျက်ဖို့ စီစဉ်နေတာကို ချက်ချင်းရပ်ဆိုင်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) က စစ်ကောင်စီကို တောင်းဆိုတဲ့ကြေညာချက် စက်တင်ဘာ ၂၀ ရက်နေ့မှာ ထွက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်တာမျိုး ရှိ၊ မရှိ အတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဒီနေ့ နေ့လယ်ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လူသိများထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ကိုဂျင်မီနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ဟစ်ဟော့အဆိုတော်လည်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လထဲမှာ ကြိုးပေးကွပ်မျက်ခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့အထိ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့သူ ၁၆၄ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။