နှစ်လကျော်အတွင်း သေဒဏ်ချခံရသူ ကိုးဦးရှိ
2024.03.13

၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်လကျော်အတွင်း သေဒဏ်ချခံထားရသူ ကိုးဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီ ကိုးဦးထဲမှာ သေဒဏ် သုံးကြိမ် ချမှတ်ခံထားရသူ ငါးဦး၊ သေဒဏ် လေးကြိမ် ချမှတ်ခံထားရသူ တစ်ဦး ပါဝင်တယ်လို့ AAPP က ဖော်ပြပါတယ်။
သေဒဏ်ချခံရသူတွေထဲမှာ အင်းစိန်ထောင်က အသက် ၂၃ နှစ်အရွယ် ကိုဇော်ရဲထက်က သေဒဏ် လေးကြိမ်၊ အသက် ၂၈ နှစ်အရွယ် ကိုအံ့မော်ဦးက သေဒဏ် နှစ်ကြိမ် ချမှတ်ခံထားရတာ တွေ့ရပါတယ်။
သူတို့ နှစ်ဦးဟာ အရပ်သားတွေလို့ AAPP က ဖော်ပြပါတယ်။
ပုသိမ်ထောင်က ကိုကိုအောင်၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ ကိုထွန်းထွန်းဦး၊ ကိုအောင်မိုးမြင့်တို့ကတော့ သေဒဏ် သုံးကြိမ်စီနဲ့ ထောင်ဒဏ် စုစုပေါင်း အနှစ် ၆၀ စီချမှတ်ခံထားရတယ်လို့ AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
အလားတူပဲ ပုသိမ်ထောင်က ကိုကောင်းစည်သူနဲ့ ကိုဝင်းမြတ်သိန်းဇော်တို့ကိုတော့ သေဒဏ်နဲ့ ထောင်ဒဏ် ၂၅ နှစ်စီ ချမှတ်ခံထားရပြီး ပုသိမ်ထောင်က သေဒဏ်ချခံထားရတဲ့ ဒီခုနစ်ဦးစလုံးကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ AAPP က ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာကိုတော့ မတွေ့ရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရတော့ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လအထိ နိုင်ငံတစ်ဝန်းမှာ သေဒဏ်ချမှတ်ခံရသူပေါင်း ၁၂၃ ဦး ရှိနေပြီလို့ ဖော်ပြထားပါတယ်။