အိန္ဒိယဘက် ရွှေ့ပြောင်းသွားတဲ့ ပလက်ဝဒေသခံတချို့ အကူအညီလိုအပ်နေ
2025.01.27

ချင်းပြည်နယ် ပလက်၀မြို့နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရွှေ့ပြောင်းသွားတဲ့ ဒေသခံတစ်ရာ နီးပါးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက RFA ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြောပါတယ်။
ပလက်၀မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းခွင်နေရာတွေမှာ စစ်လက်ကျန် မိုင်းအန္တရာယ်ရှိနေတာနဲ့ ကုန်စည်တွေ ပြတ်လပ်နေတာ အပါအဝင် စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ဇန်နဝါရီလ ဒုတိယပတ်မှာ နယ်စပ်ဖြတ်ကျော် ခိုလှုံလာတာလို့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အခက်အခဲတော့ အမျိုးမျိုး ရှိတယ်၊ စားရေးသောက်ရေး ခက်ခဲလာတယ်။ အရင်လို တောင်ယာလည်း လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ AA ကို ခွင့်တောင်းပြီးမှ သွားရတာမျိုး။ တောင်ယာသွားတဲ့နေရာတွေမှာ မိုင်းတွေ မရှင်းလင်းနိုင်တာတွေလည်း ပါတာပေါ့”
အိန္ဒိယနိုင်ငံထဲ ရွှေ့ပြောင်းသွားသူတွေဟာ မီဇိုရမ်ပြည်နယ် ကာကီနဲ့ တွီဒန်းရွာတွေမှာ ခိုလှုံနေရပြီး လူဦးရေ စုစုပေါင်း ၉၇ ဦးရှိတယ်လို့ သူက ပြောပါတယ်။
ပလက်၀မြို့နယ်ထဲကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ ကုန်စည်တွေကို သယ်ယူရောင်းချကြခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းက ကုန်စည်တွေ ၀ယ်ယူလို့ မရတော့တာကြောင့် စားသောက်ကုန်နဲ့ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းတချို့ ရှားပါးပြတ်လပ်နေတယ်လို့လည်း ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ဘက်ကနေလည်း အကန့်အသတ်နဲ့သာ ကုန်စည်၀ယ်ယူလို့ရတာကြောင့် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မကွေးတိုင်း ဆောမြို့နယ်ကနေ မင်းတပ်နဲ့ မတူပီမြို့နယ်တွေကိုဖြတ်ပြီး ပလက်၀မြို့နယ်ထဲကို ဆိုင်ကယ်နဲ့ ကုန်ပစ္စည်း တစ်နိုင်တစ်ပိုင် သယ်ယူရောင်းချမှုတွေကိုပဲ မှီခိုနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပြီး ပြည်မဈေးကွက်မှာ ပါရာစီတမော့ ဆယ်လုံးပါတစ်ကတ်ကို ကျပ်ငါးရာခန့်သာ ပေါက်ဈေးရှိပေမဲ့ ပလက်၀မြို့နယ်မှာတော့ ပါရာစီတမော့ ဆေးတစ်ပြားကို ကျပ် ၁၅၀၀ ခန့်အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။
ပလက်၀မြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်သူ လူဦးရေခြောက်သောင်းကျော် မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြရတယ်လို့ ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောထားပါတယ်။