ဒုက္ခသည်တွေရဲ့ အချက်အလက်မကောက်တော့ကြောင်း မီဇီုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

2024.02.29
ဒုက္ခသည်တွေရဲ့ အချက်အလက်မကောက်တော့ကြောင်း မီဇီုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
Reuters

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေ မကောက်တော့ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုးမား (Lalduhoma) က ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကကျင်းပတဲ့ မီဇီုရမ်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးမှာ ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်မကောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဝန်ကြီးချုပ် လာဒူဟိုးမားက ပြည်နယ်လွှတ်တော်မှာ မီဇိုအမျိုးသားတပ်ဦး (MNF)အဖွဲ့ဝင် တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

"ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကောက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလက ပြည်နယ်လွှတ်တော်ကို ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလက ကျင်းပတဲ့ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကို မကောက်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။"

ဒုက္ခသည်တွေရဲ့ အချက်အလက်တွေ ကောက်ယူမယ်လို့ အိန္ဒိယအစိုးရက ပြောဆိုချိန်မှာ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဒုက္ခသည်တွေက ကန့်ကွက်တာတွေလည်းရှိပြီး ကောက်ယူနေတာတွေရပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာနရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံက ဒုက္ခသည် သုံးသောင်းနှစ်ထောင်ကျော် (၃၂၂၂၁ ဦး) ရှိကြောင်းနဲ့ ချန်ဖိုင်းခရိုင်တစ်ခုထဲမှာတင် ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် (၁၂၄၈၄ ဦး) ရှိတယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်က စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်အပြင် မဏိပူပြည်နယ်မှာလည်း မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေရှိနေပြီး စစ်ဘေးကြောင့်ထွက်ပြေးလာသူတွေဟာ အိန္ဒိယနိုင်ငံထဲမှာ ခြောက်သောင်းနီးပါးရှိနေတယ်လို့ India For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မဏိပူပြည်နယ်က ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကိုတော့ ဆက်လက်ကောက်ယူတာ ရှိ၊ မရှိ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။