အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မဲ့ အစီအစဉ်ကို ဒေသခံတွေ ဆန္ဒပြ

RFA Burmese
2024.05.16
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မဲ့ အစီအစဉ်ကို ဒေသခံတွေ ဆန္ဒပြ မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်မည့်အစီအစဉ်အား နယ်စပ်ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံများ ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။
Photo: Chin Post

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မဲ့အစီအစဉ်နဲ့ နယ်စပ်ဒေသ လွတ်လပ်စွာ သွားလာခွင့်ပိတ်ပင်မဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက မီဇိုရမ်ပြည်နယ် ချန်းဖိုင်ခရိုင် နှစ်နိုင်ငံ နယ်စပ်ကျေးရွာတွေမှာ မေလ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

နယ်စပ်မှာ နေထိုင်သူတွေ ဗီဇာမလိုဘဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွတ်လပ်စွာဝင်ထွက်ခွင့် (FMR) ဖျက်သိမ်းမဲ့အစီအစဉ်နဲ့ မိုင်တစ်ထောင်ကျော် ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စည်းရိုးကာမဲ့ အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်ကို ဆန္ဒပြခဲ့ကြတာလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်စပ်နေရာနှစ်ခုမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံဘက်က ရာနဲ့ချီပါဝင်ခဲ့တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ Zo Re-Unification Organisation (Zoro) အဖွဲ့က အိန္ဒိယသတင်းဌာနတွေကို ဖြေကြားထားပါတယ်။

အဲဒီဆန္ဒပြပွဲကြောင့် အိန္ဒိယအာဏာပိုင်တွေက ချစ်ကြည်ရေးဂိတ်ကို ပိတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ပိတ်သိမ်းပြီး စည်းရိုးကာမယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေး အခက်တွေ့မှာကို စိုးရိမ်နေကြတယ်လို့လည်း မြန်မာစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်မည့်အစီအစဉ်အား နယ်စပ်ကျေးရွာများတွင် နေထိုင်ကြသောဒေသခံများ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က ဆန္ဒပြစဉ် စောင့်ကြပ်နေကြသည့် အိန္ဒိယရဲတပ်ဖွဲ့ဝင်များ။ (Photo: Chin Post)
မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်မည့်အစီအစဉ်အား နယ်စပ်ကျေးရွာများတွင် နေထိုင်ကြသောဒေသခံများ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က ဆန္ဒပြစဉ် စောင့်ကြပ်နေကြသည့် အိန္ဒိယရဲတပ်ဖွဲ့ဝင်များ။ (Photo: Chin Post)

မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေရတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းကျော်ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေစာရင်းအရ သိရပါတယ်။

နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာမဲ့အစီအစဉ်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြောဆိုထားသလို လွတ်လပ်စွာဝင်ထွက်ခွင့် (FMR) ကို မကြာခင်ပိတ်ပင်ဖို့လည်း အိန္ဒိယအစိုးရက စီစဉ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။