မြန်မာ အိန္ဒိယနယ်စပ် ခိုက်ရန်ဖြစ်


2016.05.10
india-border-620.jpg မြန်မာ-အိန္ဒိယနယ်စပ်မှာ မေလ ၁ဝ ရက်နေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့စဥ
Photo - Pu Hen Facebook

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့က မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်အနီးမှာ မနေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေ ၄ နာရီကနေစပြီး ၂နာရီကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ တမူးမြို့ခံ ကိုပုဟမ် က ပြောပါတယ်။

"မနေ့က ၂၄ နာရီကို အိန္ဒိယဘက်က ပိတ်ထားတာပေါ့ဗျာ၊ ပိတ်ထားတဲ့ဟာကို ဒီဘက်က တချို့လူတွေက ဝင်ဖို့ ကြိုးစားရင် ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပါ၊ မနေ့ကဖြစ်တာကတော့ ညနေ ၄ နာရီမှာဖြစ်တာ၊ သူတို့အချင်းချင်း အပြန်အလှန် ခဲနဲ့ပေါက်မှုတွေ ဖြစ်သွားတာ၊ အဲ့ကနေကြီးကျယ်သွားတဲ့ အခြေအနေအမျိုးပါ၊ ပထမက သူတို့ဘက် က စပေါက်တယ်လို့ ကျနော်ကြားရတယ်၊ ဒီဘက်က လူ ၁၅ ယောက်ပေါ့နော် ပေါက်နေကြတယ်၊ ပေါက်နေကြ ရင်း ဟိုဘက်က အင်အားတော်တော်လေး များလာတဲ့အခါကျတော့ ဒီဘက်အထိ နယ်စပ်ကိုဖြတ်ကျော် ပြီးတော့ နေအိမ်ခြံဝင်းနားအထိ ကပ်ပြီးတော့ ခဲနဲ့ပေါက်တာတို့ ဖြစ်ခဲ့တာပေါ့နော်၊ သူတို့ဘက်ကလည်း ရဲတပ်ဖွဲ့ဝင်တွေကလည်း နောက်မှာလုံခြုံရေးအပြည့် ယူလိုက်တယ်ပေါ့နော်၊ ဒီဘက်ကလည်း လုံခြုံရေးတွေ ယူလိုက်တယ်"

နယ်စပ်ဂိတ်ကို အိန္ဒိယဘက်က မနေ့က ပိတ်ထားရာ ဖြတ်သန်းသွားလာဖို့ ကြိုးစားရာမှာ ဒေသခံတွေအကြား အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ကိုပုဟမ်က ပြောပါတယ်။

အိန္ဒိယဖက်က လူအင်အား ၂၀၀ ဝန်းကျင်လောက်က နယ်စပ်ဂိတ်ကိုကျော်ပြီး ခဲတွေနဲ့ပေါက်တာကြောင့် နေအိမ် တချို့ ခြံစည်းရိုးတွေ၊ ခေါင်မိုးတွေ ပျက်စီးသွားတာတွေရှိသလို ခဲမှန်ပြီး ဒဏ်ရာရသွားသူတွေ ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တမူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မိုးရေးမြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး ဖို့လည်း ပြင်ဆင်နေပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်မှာ မြန်မာဘက်က တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့တို့ ထိစပ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။