မြန်မာအပါအဝင် သုံးနိုင်ငံလမ်းမစီမံကိန်းပြန်စဖို့ အိန္ဒိယ ကြိုးပမ်း

RFA Burmese
2023.07.15
မြန်မာအပါအဝင် သုံးနိုင်ငံလမ်းမစီမံကိန်းပြန်စဖို့ အိန္ဒိယ ကြိုးပမ်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိန္ဒိယ နိုင်ငံသားများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဂျေရှန်းကားအား တွေ့ဆုံစဉ်။
Twitter@DrSJaishankar

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishanker ဂျေရှန်းကား က အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ တည်ဆောက်ရေး စီမံကိန်း အဆုံးသတ်ဖို့အတွက် ပြန်လည်ကြိုးစားမယ်လို့ ဇူလိုင် ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။

အဲဒီစီမံကိန်းအကောင်အထည်ဖော်ရေးကိစ္စဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အခက်အခဲအကြီးအကျယ်နဲ့ ရင်ဆိုင်နေရပါတယ်၊ ဒါပေမဲ့ ဒီစီမံကိန်း ပြန်လည် အကောင်အထည်ဖော်ရေးကိစ္စဟာ မိမိတို့ နိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ ဘန်ကောက်မြို့ ခရီးရောက်မဆိုက် အိန္ဒိယ နိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အဲဒီ အဝေးပြေးလမ်းမကြီးကို တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ကုန်စည်နဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေးအတွက် ကြီးမားတဲ့ပြောင်းလဲမှုဖြစ်လာလိမ့်မယ်လို့လည်း သူကပြောပါတယ်။

အဲဒီ သုံးနိုင်ငံအဝေးပြေးလမ်းမဟာ ကီလိုမီတာ ၁၄ဝဝ ခန့်ရှည်လျှားမှာဖြစ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပြီး လမ်းတည်ဆောက်ရေးလုပ်ငန်း ၇‌ဝ ရာခိုင်နှုန်းပြီးစီးနေပြီလို့လည်း ဘန်ကောက်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအဝေးပြေးလမ်းမကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ကနေ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဖောက်လုပ်မှာဖြစ်ပြီး မူလက ၂ဝ၁၉ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်းကား ဟာ ၁၂ ကြိမ်မြောက် မဲခေါင်- ဂင်္ဂါပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။