မူဆလင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား

မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

2012.08.17

Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ဝတ်ပြုအပြီး ထွက်လာကြတဲ့ လူ (၅၀) လောက်ပါဝင်တဲ့ လူအုပ်ဟာ ဗုဒ္ဓပန်းခြံအထိ စီတန်းလမ်းလျှောက်ခဲ့ကြပြီး ပန်းခြံအရောက်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ပန်းခြံအနီးက ကားတွေ မှန်တွေကွဲပြီး ကားတချို့ မီးရှို့ ခံခဲ့ရပါတယ်။ ပန်းခြံထဲက ဈေးဆိုင်တွေနဲ့ အဆောက်အဦးတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အကြမ်းဖက်သူတွေက သတင်းထောက်တွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဓာတ်ပုံသတင်းထောက် (၂၀) လောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

လမ်းတွေပေါ်မှာ လူတွေထောင်ချီပြီး များပြားလာတော့မှ ရဲတပ်ဖွဲ့က လူစုခွဲလိုက်ရတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို အစ္စလာမ်ဘာသာရေးအဖွဲ့ ဂိုဏ်းခွဲတစ်ခုက ဦးဆောင်ခဲ့တာ ဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ လုပ်ခဲ့သူတွေဟာ မိမိတို့မဟုတ်ကြောင်း ဂိုဏ်းခေါင်းဆောင်က ပြောပါတယ်။

အလားတူ ကက်ရှ်မီးယားပြည်နယ် ဆရိနဂါမြို့မှာလည်း ထင်ရှားတဲ့ အစ္စလာမ်အမျိုးသမီး အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဖိနှိပ်ခံနေရတဲ့ မူဆလင်တွေ ကက်ရှ်မီးယားကို လာကြပါစေ သူတို့အတွက် မိမိတို့ တံခါးဖွင့်ထားပါတယ်လို့ ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။