မြန်မာဒုက္ခသည်ကလေးငယ်တွေ မီဇိုရမ်ပြည်နယ်မှာ ပညာသင်ခွင့်ရမည်

2021.09.02
မြန်မာဒုက္ခသည်ကလေးငယ်တွေ မီဇိုရမ်ပြည်နယ်မှာ ပညာသင်ခွင့်ရမည် မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ရွာ နယ်စပ်ဂိတ်ကို ၂၀၂၁ မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ကလေးငယ်တွေကို လူသားချင်းစာနာတဲ့အနေနဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်ခွင့်ပြုဖို့ ခရိုင်ပညာရေးမှူးတွေကို ပြည်နယ်အစိုးရက ပြောကြားထားတယ်လို့ နယူးဒေလီအခြေစိုက် Hindustan Times သတင်းဌာနရဲ့ စက်တင်ဘာလ ၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

မီဇိုရမ် ပြည်နယ်ပညာရေးဌာန ညွှန်ကြားရေးမှူး James Lalrinchhanda က ခရိုင်ပညာရေးမှူးတွေကို သြဂုတ်လ ၃၁ ရက်နေ့က ပေးပို့တဲ့စာမှာ… အိန္ဒိယနိုင်ငံရဲ့ ကလေးသူငယ်များ အခမဲ့ပညာသင်ကြားခွင့်ဆိုင်ရာ ၂ဝဝ၉ ခုနှစ် ဥပဒေ- (RTE Act-2009) အခန်း ၂ (၄) အရ ဆင်းရဲချို့တဲ့တဲ့ အသိုင်းအဝိုင်းက အသက် ၆ နှစ်ကနေ ၁၄ နှစ်ကြား ဘယ်ကလေးငယ်မဆို မူလတန်းပညာရေး ပြီးမြောက်အောင် သင့်တော်တဲ့အတန်းမှာ တက်ရောက်ပညာသင်ကြားခွင့် ရှိကြောင်း၊ ဒါကြောင့် ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်တွေ ဆက်ပြီး ပညာသင်ယူခွင့်ရရေးအတွက် ကျောင်းဝင်ခွင့်ပေးနိုင်အောင် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးကြဖို့ တောင်းဆိုကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒီအမိန့်ညွှန်ကြားစာမှာ "မြန်မာဒုက္ခသည်ကလေးငယ်တွေ" လို့ အတိအကျ ဖော်ပြမထားပေမယ့် စစ်အာဏာသိမ်းအပြီး မီဇိုရမ်ပြည်နယ်ထဲကို ခိုလှုံဝင်ရောက်လာတဲ့ မြန်မာကလေးငယ်တွေကို ရည်ညွှန်းတာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးက Hindustan Times ကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ အသက် ၆ နှစ်ကနေ ၁၄ နှစ်အကြား မြန်မာဒုက္ခသည်ကလေးငယ် အယောက်လေးရာရှိနေပြီး အများစုက မီဇိုရမ်ပြည်နယ် အိုက်ဇောနဲ့ ကျန်ဖိုင်းခရိုင်တွေမှာ နေထိုင်ကြကြောင်း၊ ဒီကလေးတွေကို စက်တင်ဘာလကစပြီး အစိုးရကျောင်းတွေကို ဝင်ခွင့်ပြုမှာဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လအတွင်း လွှတ်တော်ကိုယ်စားလှယ်‌တွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေနဲ့ ရဲတွေ အပါအဝင် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

မီဇိုရမ် ရဲတပ်ဖွဲ့ ရာဇဝတ်မှုစုံစမ်းရေးဌာနရဲ့ ပြီးခဲ့တဲ့ဇွန်လက ပြောကြားချက်အရ မြန်မာနိုင်ငံက ဒုက္ခသည် ၉၂၄၇ ဦး ဝင်ရောက်လာကြောင်း၊ ခရိုင် ဆယ်ခုမှာ ပျံ့နှံ့ရောက်ရှိလာကြပြီး ကျန်ဖိုင်းခရိုင်မှာ လေးထောင်ကျော်၊ အိုက်ဇောခရိုင်မှာ ၁၆၀၀ ကျော် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။