မဏိပူရ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့မြန်မာတွေ အစာငတ်ခံဆန္ဒပြ

RFA Burmese
2024.06.16
မဏိပူရ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့မြန်မာတွေ အစာငတ်ခံဆန္ဒပြ ၂ဝ၂၃ ခုနှစ်က တွေ့မြင်ရသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။
Citizen Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည် ၂၈ ဦး အစာငတ်ခံဆန္ဒပြနေတယ်လို့ အကူအညီပေးနေတဲ့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကိုပြောပါတယ်။

သူတို့တွေကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် အခုလိုဆန္ဒပြနေတာလို့ ဆိုပါတယ်။

"အခုဆန္ဒပြနေတဲ့သူတွေက ယောက်ျားလေး လူငယ်တွေ၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထဲ ဘောင်ဝင်တဲ့သူတွေ၊ မလုံခြုံလို့ ဒီဘက်ကို ပြေးလာတဲ့သူတွေ ဖြစ်ရင်၊ မြန်မာနိုင်ငံကို ပြန်ပို့ရင် ဖမ်းဆီးခံရနိုင်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံပြန်မပို့ဘဲ အိန္ဒိယပြည်နယ်ထဲမှာ အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ"

ပြီးခဲ့တဲ့ မေလဆန်းမှာ အမျိုးသမီးချည်း ၃၈ ဦး၊ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ဖမ်းဆီးပြီး မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်တယ်လို့လည်း သူကပြောပါတယ်။

မဏိပူရ်ပြည်နယ်ထဲမှာ လတ်တလောဖြစ်နေတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကြောင့်လို့ ပြည်နယ်အစိုးရက အပြစ်ပုံချထားပြီး၊ ဒုက္ခသည်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတာပါ။

"နယူးဒေလီကို UNHCR ဒုက္ခသည်စာရင်း လျှောက်ဖို့ စာရွက်စာတမ်းသွားတင်ရင်း လမ်းမှာအဖမ်းခံရတာရှိတယ်။ စာရွက်စာတမ်းအတုကိုင်တယ်ဆိုပြီး အဖမ်းခံရတာရှိတယ်။ တချို့ကျတော့ စစ်ဆင်ရေးထဲမှာ အဖမ်းခံနေရတယ်" လို့ ဆလိုင်းဒိုခါရ်ကပြောပါတယ်။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်သေးတယ်လို့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။