အင်းတော်မှာ လက်နက်ကြီးကျလို့ ၁၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2022.12.04
အင်းတော်မှာ လက်နက်ကြီးကျလို့ ၁၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့လယ်ပိုင်းက အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာအနီး ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအစိတ်အပိုင်းများ။
Indaw Revolution - IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာမှာ ဒီဇင်ဘာ ၃ ရက်မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော် ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက် နေ့လယ်တစ်နာရီခန့်က နတ်မဟုတ်ကြီးရွာအနီး လယ်ကွင်းထဲမှာ စပါးကောက်လှိုင်းစီးနေတဲ့ ကလေးငယ်လေးဦးနဲ့ အမျိုးသမီးတစ်ဦး အင်းတော်ရဲစခန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အင်းတော်ရဲစခန်းနဲ့ဆို ရွာနဲ့က နှစ်မိုင်လောက်ပဲဝေးတယ်ဗျ။ လယ်ထဲမှာ ကောက်လှိုင်း စီးနေတဲ့အချိန် ဖြစ်သွားတာ။ အဲဒီနားကို မကြာခဏတော့ လက်နက်ကြီး နဲ့ ပစ်တယ်။ သားအမိလေးဦးစလုံးထိတာ။ သေသွားတဲ့ကလေးကျတော့ ကသာဆေးရုံ ကို သွားနေတဲ့အချိန် သွေးထွက်လွန်သွားတာ။ နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ထိမှန်တာလည်း အရင်ကရှိတယ်။ လူသေဆုံးတာက ဒါက ပထမဆုံးပဲ”

သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် မောင်သိန်းထိုက်ကျော်ဟာ ခြေထောက်ကို လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး သွေးထွက်လွန်သေဆုံးတာလို့ သူက ဆက်ပြောပါတယ်။

မောင်သိန်းထိုက်ကျော်ရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာလ ၄ ရက် ဒီကနေ့မှာ သင်္ဂြိုဟ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ကတော့ ဆေးကုသမှုခံယူနေရတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။

အင်းတော်ရဲစခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။