အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦး သေဆုံး

RFA Burmese
2024.06.23
အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တစ်နေရာကို တွေ့ရစဉ်။
Facebook/အင်းတော်မြို့ ကိုယ်ထူကိုယ်ထ လှည့်ကင်းအဖွဲ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နန့်သာရွာမှာ ဇွန်လ ၂၂ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နန့်သာရွာဘုန်းကြီးကျောင်းထဲက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မ (၇၇) တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထဲမှာရှိနေတဲ့ ရဟန်းတစ်ပါးနဲ့ အဲဒီရွာခံတွေ ထိခိုက် သေဆုံးခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ဘုရားကုန်းပေါ်က တပ်မ (၇၇) ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားတိုက်တာပေါ့။ တိုက်တဲ့အချိန်မှာပဲ တံတားဦးကနေ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာပဲ။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းထဲမှာ အရပ်သားတွေ ရှိနေတာ။ သူတို့နေရာကိုလည်း ဗုံးကျကွဲပြီး သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူကရ ဖြစ်သွားတာပေါ့”

လေကြောင်းတိုက်ခိုက်မှုကြောင့် သက်တော် ၄၅ နှစ်အရွယ် ရဟန်းတစ်ပါး၊ ဒေါ်ကျင်စော၊ ဦးသန်းစိန်၊ ဦးကျော်မျိုး အပါအဝင် မိသားစုဝင်သုံးဦး၊ ဒေါ်တင်အေး၊ ဦးပိန်သေး၊ မကြူကြူသင်း၊ မမိတန်၊ မလှချန်၊ ဒေါ်မနဲနဲ့ ဦးဘသင်းတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးငယ်တွေအပါအဝင် ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပြီး အဲဒီအထဲမှာ အသက်အန္တရာယ် စိုးရိမ်တဲ့သူတွေလည်းရှိနေတယ်လို့ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထိခိုက်သေဆုံးခဲ့သူတွေဟာ ရွာထဲမှာပဲနေဖို့ စစ်ကောင်စီတပ်က ဖိအားပေးခြင်းခံထားရသူတွေဖြစ်ပြီး ဒေသခံ အများစုကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလလောက်ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရမှု အခြေအနေအသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ထိခိုက်သေဆုံးမှုအသေးစိတ်ကိုသိရဖို့ အင်းတော်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အင်းတော်မှာ ဒီနေ့ဖုန်းလိုင်းပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါ့အပြင် ဒီတိုက်ခိုက်မှုအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အင်းတော်မြို့နဲ့ ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပေါ် နန့်သာရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်တွေ မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲကြောင့် နန့်သာ၊ အောင်းကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာရွာက ဒေသခံလေးထောင်ခန့် ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။