အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်မှာ လုံခြုံရေးတိုးမြှင့်

2022.07.08
အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်မှာ လုံခြုံရေးတိုးမြှင့် တမူး-မိုးရေး နယ်စပ်ဂိတ်ကို တွေ့ရစဉ်
Photo: GNLM

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီး နောက် တမူး-မိုးရေး နယ်စပ်ဂိတ်မှာ နှစ်ဖက်လုံးက လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ဇူလိုင် ၇ ရက် မနေ့က အိန္ဒိယစံတော်ချိန် ညနေ ၄ နာရီလောက်မှာ ရဟတ်ယာဉ်တစ်စင်း နယ်စပ်တစ်လျှောက် ပျံသန်းခဲ့ပြီး မိုးရေးမြို့ထဲကို ဆင်းသက်ခဲ့တယ်လို့ မြင်တွေ့ခဲ့တဲ့ မိုးရေးမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း စစ်သားနဲ့ ရဲအင်အားတွေ တိုးမြှင့်ချထားတယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။

အခုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်နေတယ်လို့ ဇူလိုင်လ ၇ ရက် မနေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ထုတ်ဖော်ပြောဆိုပါတယ်။

"အိန္ဒိယနိုင်ငံအနေနဲ့တော့ ဒီဟာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာ ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာလည်းရှိတယ်။ ဒီကိစ္စကိုလည်း အသေးစိတ်စုံစမ်းဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံချစ်ကြည်ရေးနဲ့ ပတ်သက်ပြီးတော့ မထိခိုက်အောင် ကျနော်တို့ ဆောင်ရွက် နေပါတယ်"

အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အိုင်ယာနားနဲ့ အသက် ၂၈ နှစ်အရွယ် မိုဟန် တို့ နှစ်ဦးကို တမူးမြို့မှာ ဇူလိုင်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတ်ဖြတ်ခဲ့တဲ့လူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောဆိုထားပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လုပ်ကြံသူတွေဟာ PDF ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ အလောင်းကို မြန်မာနိုင်ငံဘက်က ပြန်မပေးတာ ကြောင့် ဇူလိုင် ၆ ရက်နေ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့က ပြည်သူ ၂ဝဝ ကျော် ဆန္ဒပြခဲ့ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

တမူး-မိုးရေး နယ်စပ်ဂိတ်နားမှာရှိတဲ့ မြန်မာလက်ဖက်ရည်ဆိုင်ကို မိုးရေးဒေသခံတွေက ပိတ်သိမ်းခိုင်းတာကစလို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦး ဒဏ်ရာရခဲ့တာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Tingnopal ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးကတော့ အရေးကြီး ကိစ္စမရှိဘဲ အိန္ဒိယပြည်သူတွေ မြန်မာပြည်ဘက်ခြမ်းကို သွားလာခြင်းမပြုဖို့၊ သွားလာမယ် ဆိုရင်လည်း သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာ သွားလာရမယ်လို့ ဇူလိုင် ၆ ရက် နေ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မိုးရေးမြို့ထဲမှာ လူစုလူဝေးပြုလုပ်တာ၊ အုပ်စုလိုက်သွားလာတာတွေကိုလည်း ဇူလိုင် ၆ ရက်နေ့ကစပြီး အကန့်အသတ်မရှိ ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်ကိုလည်း ယာယီပိတ်ထားရပြီး ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။